မအူပင်မြို့နယ်တွင် ငှားရမ်းလုပ်ကိုင်သည့် ကွမ်းခြံဖျက်ခိုင်းသည်ကို မကျေနပ်သဖြင့် အသက် ၈၀ ကျော်အရွယ် လင်မယားနှစ်ဦးကို ဓားနှင့်ခုတ်သတ်ခဲ့သူကို သက်ဆိုင်ရာက ဇူလိုင် ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာနေ ဦးသက်လွင် သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ယောက္ခမဖြစ်သည့် ဦးတင်လှိုင်(၈၀)နှစ်နှင့် ဒေါ်ရီ(၈၁)နှစ် တို့မှာ နေအိမ်တွင် သေဆုံးနေကြောင်း သိရှိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ကျွဲဒုံးနယ် မြေရဲစခန်း သို့ အကြောငး်ကြားခဲ့သည်။ သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ သေဆုံးသူ ဦးတင်လှိုင်နှင့် ဒေါ်ရီတို့မှာ နေအိမ်အိပ်ရာအတွင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကျွဲဒုံးနယ်မြေရဲစခန်းက(ပ)၄၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လွင်နှင့်အဖွဲ့ဝင်များက အမှုဖြင့် မသင်္ကာသူ ပေကုန်းကျေးရွာနေ ဝဏ္ဏစိုး(၄၁)နှစ်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ လွန်ခဲ့သော(၁)နှစ်ခွဲခန့်က ဦးတင်လှိုင်နှင့် ဒေါ်ရီတို့ ပိုင်ဆိုင် သည့် ကိုင်း မြေ(၁)ဧကခွဲတွင် ကွမ်းစိုက်ခဲ့ကြောင်း၊ ကိုင်းငှားခအဖြစ် ဆေးကုသရန်ငွေကြေး ထောက်ပံ့ ခဲ့ကြောင်း၊ လွန်ခဲ့သော(၃/၄)လခန့်တွင် ၎င်းလုပ်ကိုင်နေသည့် ကိုင်းမြေထဲမှ ဧကဝက်ခန့်ကို မင်းမင်းဆိုသူကို ရောင်းချခဲ့ပြီး ကျန်ဧကဝက်ကို မင်းမင်း ကိုအငှားချ လုပ်ကိုင်စေခြင်းတို့ကြောင့် ၎င်းမှာ ဧကဝက် ခန့်သာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ၄င်းလုပ်ကိုင်ခွင့်ရသည့် ဧကဝက် ပေါ်တွင် စိုက်ပျိုးထားသည့် ကွမ်းခြံကို အမြန်ဖျက်ပေးရန် ဒေါ်ရီမှ မကြာခဏ ပြောဆိုသဖြင့် တစ်ဦးနှင့် တစ်ဦးစကားများကြပြီး ဒေါ်ရီအပေါ်တွင် မကျေနပ် ဖြစ်ခဲ့ ကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့ည ၇ နာရီအချိန် ဆေးသောက်ပြီးအိပ်ယာဝင်ခဲ့ရာ အိပ်မပျော်သဖြင့် ည ၁၂ နာရီအချိန်တွင် မင်္ဂလာ ဆွမ်းကျွေးပြုလုပ်သည့် ဦးမြရွှေ၏ နေအိမ်သို့ ဓားမတစ်ချောင်း ကိုင်ဆောင်ပြီး ဓာတ်မီးတစ်လက်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအိမ်တွင် လူများအိပ်နေသဖြင့် ဦးတင်လှိုင် တို့ နေအိမ်သို့ ဆက်လက် သွားရောက်ခဲ့ကြောင်း၊ ဒေါ်ရီမှ အိမ်ပေါ်တက်ရန်ခေါ်သဖြင့် တက်ခဲ့ပြီး စကားပြောနေစဉ် ဒေါ်ရီမှ ၎င်းစိုက်ပျိုးထားသည့် ကွမ်းခြံကို ဖျက်ပေးရန်ပြောဆိုသောကြောင့် တစ်ယောက်တစ်ခွန်း စကားများခဲ့ကြောင်း ဒေါ်ရီကို တွန်းလှဲ၍ လည်ပင်းအားဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထိုသို့ ခုတ်လိုက်သည်ကို ခြင်ထောင်ထဲတွင် အိပ်နေ သည့် ဦးတင်လှိုင် မြင်တွေ့သွားခဲ့သောကြောင့် ရင်ဘတ်ပေါ်သို့ တက်ခွကာ လည်ပင်းကို ဓားဖြင့်လှီးခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက လူသတ်မှုကျူးလွန်သူ ဝဏ္ဏစိုးကို ဥပဒေအကြံပြုချက်နှင့်အညီ ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

















