၂၂ ဘီး ကုန်တင်ယာဉ်နှစ်စီး တိုက်မိပြီး နှစ်ဦးသေဆုံး

၂၂ ဘီး ကုန်တင်ယာဉ်နှစ်စီး တိုက်မိပြီး နှစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ရန်ကုန် - မန္တလေး ကားလမ်းဟောင်း တွင် ၂၂ ဘီး ကုန်တင်ယာဉ် နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် နှစ် ဦးသေဆုံးခဲ့မှု ဇူလိုင်လ ၁၇ ရက် နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ နံနက် ၂ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် ဟားရီးကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းမိုင်တိုင် အမှတ်၁၁၂/၄နှင့်၅အကြား၌ ကုန်တင်ယာဉ်၂ စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာက သတင်းအရ ကျောက်တံခါးမြို့မရဲစခန်းမှ ရဲအုပ်ကျော်သူထက်နှင့် အဖွဲ့ က သွားရောက်စစ်ဆေးခဲ့သည်။ စုံစမ်းချက်အရ နေပြည်တော် တပ်ကုန်းမြို့နေ ယာဉ်မောင်း ထွန်းသစ်ဦးသည် Tong Star အမျိုးအစားအဖြူရောင်(၂၂)ဘီးယာဉ်ကို ရန်ကုန်ဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာစဉ် လားရာတူနောက်ဘက်မှ ဆန်အိတ်များတင်ဆောင်ကာ စုံစမ်းဆဲ မောင်းနှင်လာသည့် Nissan Diesel အမျိုးအစား အဖြူရောင်ယာဉ်က နောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။ ထိုသို့နောက်မှဝင်ရောက်တိုက်မိစဉ် ယာဉ်ပေါ်ပါ ယာဉ်မောင်းစုံစမ်းဆဲနှင့် ယာဉ်အကူ ၂ ဦးစလုံး နေရာတွင်သေဆုံးသွားခဲ့သောကြောင့် သေဆုံးသူ ယာဉ်မောင်း (စုံစမ်းဆဲ)ကို အရေးယူပေးရန် ရဲအုပ်ကျော်သူထက်က တိုင်ကြားခဲ့သည်။ ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ)၂၀/၁၈ ရာဇသတ်ကြီးပုဒ်မ၃၀၄(က) အရ အမှုဖွင့် အရေးယူ ထားသည်။