အဲဖို့စ်ဝမ်း လေယာဉ်ကို အနီ၊ အဖြူ၊ အပြာ သုံးရောင်စပ်ဖြင့် ဒီဇိုင်းသစ်ဆင်ဖို့ သမ္မတထရမ့် စီစဉ်

အဲဖို့စ်ဝမ်း လေယာဉ်ကို အနီ၊ အဖြူ၊ အပြာ သုံးရောင်စပ်ဖြင့် ဒီဇိုင်းသစ်ဆင်ဖို့ သမ္မတထရမ့် စီစဉ်

ဝါရှင်တန်     ဇူလိုင် ၁၈
    အမေရိကန်သမ္မတ စီးနင်းသော အဲဖို့စ်ဝမ်းလေယာဉ်ကို အနီ၊ အဖြူ၊ အပြာ သုံးရောင်စပ်ဖြင့် ဒီဇိုင်းသစ်ဆင်ဖို့ စီစဉ်နေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားသည်။ 

အမေရိကန်သမ္မတလေယာဉ်သည် နီ၊ ဖြူ၊ ပြာ သုံးရောင်စပ်ဖြင့် ပိုတင့်တယ်လိုက်ဖက်မည်ဟု သမ္မတ ထရမ့်က စီဘီအက်စ် သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။ ၁၉၆၀ ကာလများက သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီနှင့် သမ္မတကတော် ဂျက်ကလင်း ကနေဒီတို့က လက်ရှိ အဖြူ၊ အပြာ အရောင်စပ်ကို ရွေးချယ်အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ 
    သမ္မတ ထရမ့် စီစဉ်နေသည့် နီ၊ ဖြူ၊ ပြာ သုံးရောင်စပ် ဒီဇိုင်းသစ် အဲဖို့စ်ဝမ်း လေယာဉ်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှသာ စတင်အသုံးပြုနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ အရောင်သစ်ဒီဇီုင်းနှင့် အဲဖို့စ်ဝမ်း အသစ်များသည် အနာဂတ် အမေရိကန်သမ္မတများအတွက် ဖြစ်လိမ့်မည်ဟုလည်း သမ္မတ ထရမ့်က လေယာဉ်တည်ဆောက်ရေး ကြာမြင့်နိုင်ခြေကို ထောက်ချင့်၍ ပြောသွားသည်။ 
    အဲဖို့စ်ဝမ်း လေယာဉ်ဒီဇိုင်းသည် ယခုအခါ မျိုးဆက်နှစ်ဆက်ရှိပြီဖြစ်သည်။ ပထမဆုံးမျိုးဆက်ကို ၁၉၅၉ ခုနှစ်က သမ္မတ အိုင်ဆင်ဟောင်ဝါလက်ထက်တွင် စတင်အသုံးပြုခဲ့ပြီး အနီနှင့်ရွှေရောင် စပ်ထားသော ဒီဇိုင်းဖြစ်သည်။ ထို့နောက် သမ္မတ ကနေဒီလက်ထက်တွင် အဖြူ၊ အပြာ အရောင်ဒီဇိုင်းသို့ ပြောင်းလဲခဲ့ပြီး လက်ရှိအချိန်ထိ ထိုဒီဇိုင်းကို အသုံးပြုလျက်ရှိသည်။ 
    ဝေဖန်သူများကမူ သမ္မတ ထရမ့် ပြောင်းလဲလိုသည့် နီ၊ ဖြူ၊ ပြာ သုံးရောင်စပ်သည် ရုရှားသမ္မတလေယာဉ် နီ၊ ဖြူ၊ ပြာ သုံးရောင်စပ်နှင့် သဘောချင်းဆင်တူနေကြောင်း ထောက်ပြဝေဖန်လျက်ရှိသည်။ တရုတ်နှင့် ပြင်သစ် နိုင်ငံတော်လေယာဉ်များသည်လည်း အလားတူပင် နီ၊ ဖြူ၊ ပြာ သုံးရောင်စပ်ဒီဇိုင်းကို အခြေခံထားသည်။