ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုး မုဒိမ်းပြုကျင့်ခဲ့သည်ဟု လီဆယ်တိုင်ကြားခဲ့သူ အိမ်အကူနှင့် အိမ်အကူပွဲစားတို့ကို ဖမ်းဆီး

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုး မုဒိမ်းပြုကျင့်ခဲ့သည်ဟု လီဆယ်တိုင်ကြားခဲ့သူ အိမ်အကူနှင့် အိမ်အကူပွဲစားတို့ကို ဖမ်းဆီး

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးက ၄င်း၏ အိမ်အကူအမျိုးသမီးကို မုဒိမ်းပြုကျင့်ခဲ့သည် ဟုဆိုကာ စွပ်စွဲတိုင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက  အမှုဖွင့်စုံစမ်းခဲ့ရာ လီဆယ်တိုင်ကြားမှု ပေါ်ပေါက်သဖြင့် အိမ်အကူလုပ်ကိုင်သူနှင့် အိမ်အကူပွဲစားတို့ကို အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဇူလိုင် ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင် သရုပ် ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ်အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်ကို အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ ဇူလိုင် ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်ကို သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်းက(ပ)၃၈၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
အဆိုပါတိုင်ကြားမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့သူ အိမ်အကူ မခင်မာမြင့်နှင့် အိမ်အကူပွဲစား ဒေါ်ညို ၆၅ နှစ်တို့ကို လီဆယ်တိုင် ကြားမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 
အထူးအမှုစစ်အဖွဲ့၏ မှုခင်းပိုင်းဆိုင်ရာ စုံစမ်းချက်များအရ အိမ်အကူလုပ်ကိုင်သူ ခင်မာမြင့်(ခ) ညိုညို(ခ)ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီး နောက် မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်လုပ်ကိုင်ခဲ့သည်။ ဒေါ်ညိုမှ အိ်မ်အကူလုပ်၍ အိမ်ရှင်ယောကျာ်းများကို မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါကငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၄င်းမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြား ပေးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 
ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်ကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က အလားတူအမှုများကျူးလွန်ထား ခြင်းရှိမရှိ ဆက်လက်စုံစမ်းခဲ့ရာ လွန်ခဲ့သော (၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့ နယ်၊ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင် ဗိုလ်မှူး (ငြိမ်း) ဖြစ်ပြီး မြူဆွယ်ရန် အဆင် မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့ကြောင်း၊ အလားတူပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောကျာ်း မရှိသဖြင့်အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း ဆိုသည်။ 
အလားတူ အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေရုပ်ရှင် သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ကိုနေဆန်းတို့ လင်မယားမှာခရီးထွက်နေကြ သဖြင့်နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ် ရန် အဆင် မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တ အကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက် အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၄င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာနေထိုင်ခဲ့ခြင်း ကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှ ထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း ဆိုသည်။ 
ထိုနည်းတူ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ ၄င်းကို သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့်ဒေါ်ညို အား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြု ကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့သော်လည်း အဆင်မ ပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံ ရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှစေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း၊ ခင်မာမြင့်(ခ) ညိုညို(ခ) ဇင်မာမြင့်ကို စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။ 
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင် ၅ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အသက်(၇၅)နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူ ထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ ၄င်းကို သားမယားပြုကျင့် ခဲ့ကြောင်း ဒေါ်ညိုသင်ပြသည့်အတိုင်း လိမ်ညာပြောဆိုကြံစည်၍အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
မခင်မာမြင့်ကို အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်ကို သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့် ရန်နှင့် ငွေကြေး ညှိနှိုင်းပါက ၄င်းမှ ဈေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ ဇနီး ဇင်မာဦးကို နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀ဝ)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာ ခြင်းမရှိသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။ 
အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်း မသင်းသင်းထက်အောင်မှ တရားလိုပြုလုပ်၍ ဆရာဝန်တစ်ဦးအား အမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ) ညိုညို(ခ)ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင် ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး