ရီယိုဒီဂျနီယို ဇူလိုင် ၁၈
ဘရာဇီးနိုင်ငံတွင် အမျိုးသမီးများ တင်ပါးကြီးအောင် ပလတ်စတစ်ဆာဂျရီနည်းဖြင့် ဖန်တီးပေးရာတွင် ဒေါက်တာဘမ်ဘမ်း (ဒေါက်တာတင်ပါး) ဟု နာမည်ကြီးသည့် ဒေါက်တာ ဒဲနစ် ဖာတာဒိုသည် လူနာအမျိုးသမီးတစ်ဦး သေဆုံးပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
လီလီယန် ကာလစ်တို အမည်ရှိ အမျိုးသမီးသည် တင်ပါးကြီးထွားလို၍ ဒေါက်တာဖာတာဒို၏ ရီယိုဒီဂျနီယိုမြို့ နေအိမ်တွင် ခွဲစိတ်မှုခံယူနေစဉ် ဆုံးပါးခဲ့ရခြင်းဖြစ်သည်။ မစ္စ ကာလစ်တိုသည် တင်ပါးခွဲစိတ်မှု ခံယူနေစဉ် အခြေအနေမကောင်းတော့သဖြင့် ဒေါက်တာ ဖာတာဒိုသည် ဆေးရုံသို့ တင်ပေးခဲ့သော်လည်း အသက်ကို မကယ်နိုင်တော့ဘဲ မစ္စ ကာလစ်တို သေဆုံးပြီးနောက်တွင် ဒေါက်တာ ဖာတာဒိုလည်း ပုန်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။ တရားရုံးက ဒေါက်တာ ဖာတာဒိုကို ဖမ်းဝရန်းထုတ်ထားပြီဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် ဒေါက်တာ ဖာတာဒိုသည် ဘရာဇီး ရုပ်သံများတွင်လည်း ဆယ်လီတစ်ဦးဖြစ်ပြီး၊ အင်စတာဂရမ် ဆိုရှယ်မီဒီယာ စာမျက်နှာတွင်လည်း ပရိသတ် ခြောက်သိန်းခွဲကျော် ရရှိထားသူ ဖြစ်သည်။
သေဆုံးသူ မစ္စ ကာလစ်တိုသည် အသက် ၄၆ နှစ်အရွယ် ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး တင်ပါးကြီးထွားလို၍ ခွဲစိတ်မှုခံယူရန် ဘရာဇီးနိုင်ငံအလယ်ပိုင်း ကူရီဘာမှ ရီယိုမြို့ရှိ လူချမ်းသာရပ်ကွက် ဘာရာ ဒီ တီဂျူကာတွင်ရှိသော ဒေါက်တာတင်ပါး၏နေအိမ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ ဖာတာဒို၏ ချစ်သူကိုလည်း ကြံရာပါအဖြစ် ရဲက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ရီယိုဒီဂျနီယိုပြည်နယ် ဆေးကောင်စီကလည်း မစ္စ ကာလစ်တို သေဆုံးမှုကို ဆေးဘက်ဆိုင်ရာရှုထောင့်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
















