အမေရိကန်ထောက်လှမ်းရေးများ၏ အစီရင်ခံစာကိုလက်ခံ၊ ရုရှားစွက်ဖက်မှုအရေး စကားမှားပြောခဲ့ဟု သမ္မတထရမ့်ဆိုပြန်

အမေရိကန်ထောက်လှမ်းရေးများ၏ အစီရင်ခံစာကိုလက်ခံ၊ ရုရှားစွက်ဖက်မှုအရေး စကားမှားပြောခဲ့ဟု သမ္မတထရမ့်ဆိုပြန်

ဝါရှင်တန်    ဇူလိုင် ၁၈
    ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်ခဲ့သည်ဆိုသည့် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ အစီရင်ခံစာကို လက်ခံကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပြီး ဖင်လန်၌ သမ္မတပူတင်နှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ရုရှားစွက်ဖက်မှုအရေးပြောဆိုရာ၌ စကားမှားပြောခဲ့သည်ဟုလည်း ဆိုခဲ့ပြန်သည်။

သမ္မတပူတင်က အမေရိကန်နိုင်ငံရေးစွက်ဖက်ခဲ့သူသည် ရုရှားမဟုတ်ကြောင်း ငြင်းဆိုမှုအား ထရမ့်က ထောက်ခံသည့်သဘောပြောဆိုခဲ့ပြီး အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများနှင့် ဖီလာဆန့်ကျင်သည့် မှတ်ချက်စကားများ ပြောကြားမှုကြောင့် ဒီမိုကရက်နှင့် ရီပတ်ဘလီကန်များကပါ အပြင်းထန်ဆုံးဝေဖန်ခံခဲ့ရပြီးနောက် ထရမ့် စကားပြောင်းလဲပြောဆိုလိုက်ခြင်းဖြစ်သည်။
    မဟာမိတ်အချို့ကပါ ရပ်တည်ချက်ကိုရှင်းလင်းရန်တိုက်တွန်းခံရသည့် သမ္မတထရမ့်က အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများကို အပြည့်အဝယုံကြည်ထောက်ခံပါကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၆ တွင် ရုရှားစွက်ဖက်ခဲ့သော်လည်း ရွေးကောက်ပွဲကို မထိခိုက်ခဲ့ကြောင်းလည်း ပြောဆိုခဲ့သည့် ထရမ့်သည် သမ္မတပူတင်အား ပြစ်တင်ပါမည်လား မေးခွန်းကိုမူ ဖြေဆိုခဲ့ခြင်းမရှိပေ။
    ထရမ့်အား ထောက်ခံသူ ရီပတ်ဘလီကန်များကပင် ဖင်လန်တွင်ပြောခဲ့သည့်ထရမ့်၏မှတ်ချက်သည် ၄င်း၏ သမ္မတ သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးအမှားဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထရမ့်က စကားပြောင်းပြောပြီးနောက်တွင် ဆီးနိတ်လွှတ်တော်မှ ဒီမိုကရက်ခေါင်းဆောင် ချပ်ရှူးမားက ထရမ့်အား သူရဲဘောကြောင်သည့်သမ္မတဟု ကင်ပွန်းတပ်ခဲ့သည်။