အိန္ဒိယမြို့တော် ဒေလီအနီး တိုက်တစ်လုံးပေါ်သို့ အခြားတိုက်တစ်လုံးပြိုပိမှုကြောင့် ၃ ဦး သေဆုံး

အိန္ဒိယမြို့တော် ဒေလီအနီး တိုက်တစ်လုံးပေါ်သို့ အခြားတိုက်တစ်လုံးပြိုပိမှုကြောင့် ၃ ဦး သေဆုံး

နယူးဒေလီ     ဇူလိုင် ၁၈ 
    အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီအနီး ဇူလိုင် ၁၇ ရက် ညပိုင်းက ဆောက်လက်စ တိုက်တစ်လုံး ပြိုကျကာ ဘေးကတိုက်ပေါ်ပိပြီး ထိုတိုက်လည်း ထပ်မံပြိုကျသဖြင့် စုစုပေါင်း ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ပြောကြားချက်အရ သိရသည်။ 

တိုက်ပြိုကျချိန်တွင် လုပ်သား ၁၂ ဦးခန့် တိုက်အတွင်း ရှိနေကြောင်း မီးသတ်တပ်ဖွဲ့ အကြီးအကဲ အာရန် ကူးမား ဆင်းဂျ်က ပြောသည်။ လက်ရှိအချိန်ထိ သေဆုံးသူ သုံးဦးရှိပြီး အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိမရှိကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ 
    ဆောက်လက်စအထပ်မြင့်တိုက်ပြိုကာ ပိမိမှုကြောင့် ဘေးက လေးထပ် လူနေတိုက်လည်း ပြိုကျခဲ့သည်။ ထိုတိုက်တွင် မိသားစု တစ်စုသာ နေထိုင်လျက်ရှိကြောင်း သိရသည်။ လူနေတိုက်သည် သက်တမ်းနှစ်နှစ်သာရှိသေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဘီ အင်န် ဆင်းဂျ်က ပြောသည်။ ကယ်ဆယ်ရေးသမား ၁၀ဝ ကျော်သည် ကရိန်းများ၊ ကျောက်ခွဲစက်များ အကူအညီဖြင့် အပျက်အစီးများအောက် ပိတ်မိနေသူများကို ရှာဖွေခဲ့ကြကြောင်း ကယ်ဆယ်ရေးဌာန အကြီအးကဲ ကရစ်ရှန် ကူးမားက ပြောသည်။ မြို့တော် နယူးဒေလီ အရှေ့ဘက် ၂၅ မိုင်အကွာရှိ ရှာဘာရီရွာတွင် ဖြစ်ပွားခြင်းဖြစ်သည်။ 
    ဆောက်လက်စ အထပ်မြင့်တိုက် ပိုင်ရှင်နှင့် လုပ်ငန်းဖော် နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ တိုက်ပြိုကျရခြင်း အကြောင်းရင်းကို မသိရသေးပေ။ ဇွန်လမှ စက်တင်ဘာလ မုတ်သုံရာသီအတွင်း မိုးကြီးမှုကြောင့် ညံ့ဖျင်းစွာ ဆောက်လုပ်ထားသော အထပ်မြင့်တိုက်များ ပြိုကျခြင်း၊ ကျွံဝင်ခြင်းများသည် အိန္ဒိယတွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ အဆိုးဆုံးသော တိုက်ပြိုကျမှုမှာ ၂၀၁၃ ခုနှစ်က မွမ်ဘိုင်းတွင် လူနေအထပ်မြင့်တိုက် ပြိုကျမှုဖြစ်ပြီး ၇၂ ဦး သေဆုံးခဲ့သည်။