အစ္စရေးကို အကူအညီတောင်းရန် ဂိုလန်ကုန်းမြင့်သို့ ဆီးရီးယားနိုင်ငံသားတချို့ ချီတက်ခဲ့ကြ

အစ္စရေးကို အကူအညီတောင်းရန် ဂိုလန်ကုန်းမြင့်သို့ ဆီးရီးယားနိုင်ငံသားတချို့ ချီတက်ခဲ့ကြ

ဘေရွတ် ဇူလိုင် ၁၈
    ဆီးရီးယားအစိုးရတပ်များ၏လေကြောင်းထိုးစစ်ကြောင့် အိိုးအိမ်များကိုစွန့်ခွာထွက်ပြေးရသည့် ဆီးရီးယား နိုင်ငံသားတချို့သည် အစ္စရေးကို အကူအညီတောင်းရန် အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဆီသို့ ဇူလိုင် ၁၇ ရက်တွင် ငြိမ်းချမ်းစွာချီတက်ခဲ့ကြသည်။

ဆီးရီးယားနိုင်ငံအနောက်တောင်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသည့် စာသင်ကျောင်းတစ်ကျောင်းကို ဆီးရီးယားသမ္မတဘားရှားအယ်လ်အာဆတ်၏မဟာမိတ် ရုရှားက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ချီတက်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    ဂိုလန်ကုန်းမြင့်နားရှိ နယ်စပ်သို့ ချီတက်စဉ်တွင် ဆီးရီးယားနိုင်ငံသားများသည် အစ္စရေးစစ်သားများမြင်နိုင်အောင် အလံဖြူများကို ဝှေ့ယမ်းပြခဲ့သည်။ အစိုးရ၏ မရပ်မနားလေကြောင်းထိုးစစ်မှ ကာကွယ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။ နယ်စပ်နားအရောက်တွင် ဆီးရီးယားချီတက်သူများသည် လှည့်ပြန်ခဲ့ကြသည်။
    အစ္စရေးနယ်စပ်မှ ၇ ကီလိုမီတာ( လေးမိုင်) အကွာ ကျူနေထရာခရိုင်ရှိ အိုင်အယ်လ်တီနာကျေးရွာသို့ ဆီးရီးယားအစိုးရတပ်များ လေကြောင်းမှထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေသည့် အဆောက်အအုံကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခမောက်ဖြူများဟု သိကြသည့် ဆီးရီးယား အရပ်ဘက် ကာကွယ်ရေးအဖွဲ့ဝင် ခါလတ်ဆိုးကပြောဆိုခဲ့သည်။
    လေကြောင်းထိုးစစ်ကြောင့် အမျိုးသမီးလေးဦး၊ ကလေးငါးဦးအပါအဝင် လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားရှိ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကပြောဆိုခဲ့သည်။ ဒေသတွင်း တိုက်ခိုက်မှုများကြောင့် ဇွန် ၁၉ ရက်မှစ၍ အရပ်သား ၁၈၀ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။
    ရုရှား၏ကျောထောက်နောက်ခံရထားသည့် ဆီးရီးယားအစိုးရတပ်များသည် ဒေသတွင်းရှိ နောက်ဆုံးလက်ကျန် သူပုန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများတိုးမြှင့်ပြုလုပ်နေသည်။ လွန်ခဲ့သော နှစ်ရက်အတွင်းမှာပင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ၁၅၀ဝ ခန့်ပြုလုပ်ခဲ့ကြောင်း စောင့်ကြည့်မှုအဖွဲ့ကပြောဆိုခဲ့သည်။
    နယ်စပ်သို့ ချီတက်မှုတွင် ဆီးရီးယားနိုင်ငံသားများသည် နယ်စပ်ရောက်ခါနီးတွင် လူစုခွဲခဲ့ပြီး အစ္စရေးစစ်သည်များကလည်း နောက်ကြောင်းပြန်လှည့်ရန် ချီတက်သူများကို အသံချဲ့စက်များဖြင့် သတိပေးပြောဆိုခဲ့သည်။