မြောက်ကိုရီးယားရှိ နျူလက်နက်များဖျက်သိမ်းရေး အချိန်ကန့်သတ်ထားခြင်းမရှိကြောင်း ထရမ့်ပြောဆို

မြောက်ကိုရီးယားရှိ နျူလက်နက်များဖျက်သိမ်းရေး အချိန်ကန့်သတ်ထားခြင်းမရှိကြောင်း ထရမ့်ပြောဆို

ဝါရှင်တန် ဇူလိုင် ၁၈
မြောက်ကိုရီးယားရှိ နျူကလီးယားလက်နက်များကို ဖျက်သိမ်းရန် အချိန်ကာလကန့်သတ်ထားခြင်းမရှိသလို နျူဖျက်သိမ်းရေးဖြစ်စဉ်ကို အလျင်စလိုဆောင်ရွက်ရန်လည်း မလိုအပ်သေးကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၁၇ ရက် အနှောင်းပိုင်းတွင်ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားရှိ နျူလက်နက်ဖျက်သိမ်းရေးကို အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း ထရမ့်က ယခင်က ပြောဆိုခဲ့ပြီးဖြစ်သဖြင့် ယခုပြောဆိုမှုနှင့် ဆန့်ကျင်ဘက်လိုကွာခြားနေခဲ့သည်။ လွန်ခဲ့သောလတွင် အမေရိကန်သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ စင်ကာပူ၌ တွေ့ဆုံပြီး ကိုရီးယာကျွန်းဆွယ်၌ နျူလက်နက်ကင်းစင်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
    သို့သော် သဘောတူညီမှုတွင် သတ်မှတ်ချက်နှင့် အစီအစဉ်တို့ပါရှိခြင်းမရှိခဲ့ချေ။ ထရမ့်နှင့်ကင်တို့တွေ့ဆုံချိန်မှစ၍ နျူလက်နက်ဖျက်သိမ်းရေးလုပ်ဆောင်မှုများ တိုးတက်မှုမရှိခဲ့ချေ။ လွန်ခဲ့သောအပတ်တွင် မြောက်ကိုရီးယားက အမေရိကန်သည် နျူလက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ လူဆိုးဂိုဏ်းဆန်ဆန်တောင်းဆိုမှုများကိုပြုလုပ်နေပြီး အဆင့်မြင့်တန်းဆွေးနွေးပွဲတွင် အမေရိကန်၏အမြင်သည် အလွန်အမင်းပြဿနာရှာရာရောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားနှင့်ဆွေးနွေးမှုများ တိုးတက်ကောင်းမွန်ပြီး နျူလက်နက်ဖျက်သိမ်းရေးတွင် အချိန်ကာလအကန့်အသတ်သတ်မှတ်ထားခြင်းမရှိကြောင်း ထရမ့်က ဇူလိုင် ၁၇ ရက်တွင်ပြောဆိုခဲ့သည်။
    ပိတ်ဆို့မှုများဆက်လက်ရှိနေပြီး ဓားစာခံများပြန်လွှတ်ခဲ့ကာ ကိုးလကြာကာလအတွင်း မြောက်ကိုရီးယားသည် နျူစမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို မပြုလုပ်ခဲ့သောကြောင့် တိုးတက်မှုရှိနေကြောင်း ၎င်းကပြောဆိုခဲ့သည်။ ယခုအပတ်အစောပိုင်းတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံစဉ်အတွင်း မြောက်ကိုရီးယား၏နျူစီမံကိန်းဖျက်သိမ်းရေးကို အဓိကထားဆွေးနွေးခဲ့ကြောင်း ထရမ့်က ဆက်လက်ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားနှင့်ဆွေးနွေးမှုများသည် ထင်ထားသည်ထက် ပိုမိုကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတက လွန်ခဲ့သောအပတ်တွင်ပြုလုပ်ခဲ့သည့် ဗြိတိန်ခရီးစဉ်အတွင်းပြောဆိုခဲ့သည်။