ဆွာမြို့ ဆန်တော်ပို့ရွာတွင် အရက်သောက်စားရာမှ စကားများစဉ် လူသတ်မှု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ဇူလိုင် ၁၈ ရက်နေ့က ဆွာမြို့မရဲစခန်းမှ သိရသည်။
ဇူလိုင်၁၇ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ရေတာရှည်မြို့နယ် ဆွာမြို့ အထက်သိုင်းနယ် ဆန်တော်ပို့ ကျေးရွာတွင် အရက်သောက်စားရာမှ စကားများရန်ဖြစ်စဉ် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ဆွာမြို့ နယ်မြေရဲစခန်းမှူးရဲအုပ်သန်းဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဆန်တော်ပို့ကျေးရွာနေ စိုးလွင်(၃၆)နှစ်ဖြစ်ပြီး ဦးအောင်ခွေး ၏နေအိမ်ရှေ့၌ ယာပုခုံး၊ နဖူး၊ ယာလက်ဖျံ၊ ဝဲဂျိုဇောင်း၊ ဦးခေါင်းနောက်စေ့တို့တွင် ပြတ်ရှဓားဒဏ်ရာများဖြင့်သေဆုုံးနေ သည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ညနေ(၄)နာရီအချိန်ခန့်တွင် သေဆုံးသူ စိုးလွင် ၊မြင့်ဌေး (၃၆)နှစ်၊ ကြည်လွင်မိုး တို့အရက်အတူသောက်စဉ် စိုးလွင်က မြင့်ဌေး ကို ''မင်းအခြားရွာကနေလာပြီး ဒီမှာဗိုလ်လာလုပ်လို့မရဘူး ငါတစ်ယောက်လုံးရှိတယ်''ဟု ပြောဆိုရာမှ စကားများခဲ့ကြောင်း၊ ထိုသို့စကားများစဉ် စိုးလွင်မှ မြင့်ဌေး ကိုလက်သီးဖြင့်ထိုးရာ ဦးအောင်ခွေး နေအိမ်ရှေ့လှေခါးရင်း အရောက် မြင့်ဌေး နောက်ဆုတ်ရင်းလဲကျသွားခဲ့ကြောင်း သိရသည်။ ထိုသို့လဲကျစဉ် အနီးအနားတွေ့ရသည့် တောင်ယာသုံးဓားကိုယူ၍ မြင့်ဌေး ကခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာက အမှုဖြင့် တိမ်းရှောင်နေသူ မြင့်ဌေးကို လှည်းပွဲကြီးကျေးရွာ၊ သာဂရ-ကိုးပင်ရိုးမဖြတ်ကျော်လမ်းထိပ်၌ သက်သေခံဓားနှင့်အတူ ဖမ်းဆီးခဲ့သည်။ ဆွာနယ်မြေရဲစခန်း က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

















