မန္တလေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်းသတင်းအရ မသင်္ကာသူကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ရာက ဆိုင်ကယ် ၁၁ စီးခိုးမှု ပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်း မှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သိန်းငှက် စစ်ဆင်ရေး လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဇူလိုင် ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၆၆x၆၇လမ်းကြား၊ စံပြလမ်းပေါ်တွင် JJXY-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသည့် တင်ထွန်းလွင်(ခ) နောင်နောင် (၂၁ နှစ်) ကို တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးခဲ့ရာက စစ်ဆေးစဉ်က တွေ့ရှိခဲ့သည့် ဆိုင်ကယ်မှာ လွန်ခဲ့သော (၄)လခန့် (ဈ) ရပ်ကွက်၊ ၅၁ လမ်း၊ ဖိုးရာဇာလမ်းနှင့် ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်တစ်အိမ် အတွင်းမှ ခိုးယူခဲ့ ကြောင်းပေါ်ပေါက်သဖြင့်စက်မှုနယ်မြေရဲခန်း (ပ)၃၃၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အရ အမှုဖွင့် အရေးယူခဲ့သည်။
၄င်းကို ဆက်လက်စစ်ဆေးခဲ့ရာက မန္တလေးမြို့အတွင်းမှ ဆိုင်ကယ် စုစုပေါင်း (၁၁)စီး ကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းကာ ဆိုင်ကယ်ပိုင် ရှင်များ အနေဖြင့် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားရန်ထုတ်ပြန်ထားသည်။

















