အိန္ဒိယတွင် ၁၁ နှစ်သမီးကို အုပ်စုဖွဲ့၍ လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသား ၁၇ ဦးကိုဖမ်းဆီးထား

အိန္ဒိယတွင် ၁၁ နှစ်သမီးကို အုပ်စုဖွဲ့၍ လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသား ၁၇ ဦးကိုဖမ်းဆီးထား

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ၁၁ နှစ်သမီးကိုအကြိမ်ကြိမ် အုပ်စုဖွဲ့၍ လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အမျိုးသား ၁၇ ဦးကိုဖမ်းဆီးထိန်းသိမ်းထားသည်။ ယခုနှစ်ဆန်းပိုင်းကစတင်ကာ မိန်းကလေးသည် အကြိမ်ကြိမ် လိင်ပိုင်းအနိုင်အထက်ပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်းရဲကပြောသည်။

အဓိက ကျူးလွန်သူမှာ မိန်းကလေးနေထိုင်သည့်တိုက်ခန်းတွဲမှ ဓာတ်လှေကားမောင်းသူ ဖြစ်ကြောင်းသိရသည်။ ဓာတ်လှေကားမောင်းသူသည် မိန်းကလေးကိုဓာတ်လှေကားအတွင်း လိင်ပိုင်းအနိုင်ကျင့်ခဲ့ရုံသာမကအခြားအပေါင်းအပါများကိုပါ ခေါ်ကာအုပ်စုဖွဲ့ လိင်ပိုင်းအနိုင်ကျင့်စေခဲ့ကြောင်းရဲကပြောသည်။ ဆက်စပ်သူများကိုဆက်လက်ဖမ်းဆီးဖော်ထုတ်နိုင်စရာရှိနေသေးကြောင်းလည်းသိရသည်။

ဓာတ်လှေကားမောင်းသမား၊ မီးပြင်သမား၊ ပိုက်ပြင်သမားအပါအဝင် အမျိုးသား ၁၇ ဦးကို ချန်နိုင်းမြို့ တရားရုံးကသက်ငယ်လိင်အမြတ်ထုတ်မှု၊ လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့် စွဲချက်တင်လိုက်ပြီးဇူလိုင် ၃၁ ရက်ထိအချုပ်နှင့် ထားရှိမည်ဖြစ်သည်။ ထိုသူများဘက်ကရှေ့နေလိုက်ပေးမည့်သူမရှိသလို၊ ထိုသူများကို ရုံးထုတ်လာစဉ်အတွင်းလည်းရှေ့နေအများအပြားက ထိုသူများကိုဝိုင်းဝန်းကန်ကျောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ မာဒရတ် အထက်တရားရုံးရှေ့နေများအသင်းဥက္ကဋ္ဌ မိုဟာနာခရစ်နန်ကလည်း ထိုသူ ၁၇ ဦးဘက်ကအမှုလိုက်ပေးလိုသည့် ရှေ့နေမရှိကြောင်းပြောသည်။

ချန်နိုင်းမြို့မြောက်ပိုင်းဗီပါရီရပ်ကွက်ရှိအမျိုးသမီးသီးသန့် ရဲစခန်းသို့ မိန်းကလေး၏ မိဘများကတိုင်ကြားခဲ့ပြီးနောက် မိန်းကလေးက ကျူးလွန်သူများကိုအတည်ပြုပေးနိုင်ခဲ့မှုကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီးလေးဦးက ဝန်ခံထားပြီးဖြစ်ကြောင်းလည်းသိရသည်။ မိန်းကလေးကိုလည်းကျန်းမာရေးစစ်ဆေးမှုခံယူရန် အစိုးရဆေးရုံသို့ တင်ထားသည်။