ဗြိတိန်နိုင်ငံသားတစ်ဦးသည် အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်ရုံးရှေ့တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုကိုဖောက်ခွဲပြီး ရှုပ်ထွေးမှုများဖြစ်နေချိန်တွင် ရုံးခန်းတွင်းဝင်ကာ ဝန်ကြီးချုပ်ထရီဆာမေကို လုပ်ကြံရန် စီစဉ်မှု ကျူးလွန်ခဲ့ကြောင်း ဗြိတိန်တရားရုံးတစ်ရုံးက ဇူလိုင် ၁၈ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
လန်ဒန်မြောက်ပိုင်းတွင် နေထိုင်ခဲ့သည့် အသက် ၂၀ နှစ်အရွယ် နာအိုင်မူရ်ရာမန်သည် အကြမ်းဖက်မှုများကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း အိုးဘိုင်လေတရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးကို လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြပ်နေပြီး လမ်းအဆုံးတွင်ရှိသည့် လုံခြုံရေးဂိတ်မှသာ အများပြည်သူသည် ရုံးကို လှမ်းကြည့်ခွင့်ရရှိနေသည်။
ရာမန်သည် ရဲတပ်ဖွဲ့ဝင်များနှင့် အများပြည်သူတို့ သေဆုံးစေရန်ရည်ရွယ်ခဲ့ကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနခွဲအကြီးအကဲ ဒင်းဟေဒင်ကပြောဆိုခဲ့သည်။ ယမန်နှစ်အတွင်း ဗြိတိန်၌ လူသေဆုံးမှုပါဝင်သည့် အကြမ်းဖက်တိုက်ခိုက်မှုလေးမှုဖြစ်ပွားခဲ့ပြီး ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ အမ်အိုင်၅၏အကြီးအကဲက ၂၀၁၇ ခုနှစ် မတ်မှစ၍ အစ္စလာမ်အစွန်းရောက်များက တိုက်ခိုက်ရန် ကြံစည်မှု ၁၂ မှုကို ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
ရာမန်သည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ စီစဉ်နေပုံကို အွန်လိုင်းတွင် အိုင်အက်စ်အဖွဲ့မှဟု ယူဆရသူများနှင့် ဆွေးနွေးပြောဆိုခဲ့သည်။ သို့သော် အမေရိကန်ရှိ အက်ဖ်ဘီအိုင်အဖွဲ့နှင့် ဗြိတိန်ရှိ အမ်အိုင်၅ ထောက်လှမ်းရေးအဖွဲ့ဝင်များက အိုင်အက်စ်အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ရာမန်နှင့်စကားပြောဆိုခဲ့ခြင်းဖြစ်သည်။ အိုင်အက်စ်အဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသည့် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် ယမန်နှစ် နိုဝင်ဘာတွင် ရာမန်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ရာမန်သည် ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်နှင့်ပူးပေါင်းခဲ့သည့် ဦးလေးတစ်ဦးနှင့် အဆက်အသွယ်ရခဲ့သော်လည်း ဦးလေးဖြစ်သူ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိပြီးနောက် ဗြိတိန်အစိုးရအပေါ် ပိုမိုမုန်းတီးကာ တိုက်ခိုက်ရေးစိတ်ဓာတ်ပိုမိုပြတ်သားသွားခဲ့သည်ဟု ဟေဒန်ကပြောဆိုခဲ့သည်။

















