အစ္စရေးကို ဂျူးများအတွက် သီးသန့်နိုင်ငံတော်အဖြစ် သတ်မှတ်သည့် အငြင်းပွားဖွယ်ဥပဒေကိုအစ္စရေးလွှတ်တော်ကအတည်ပြုလိုက်ပြီဖြစ်သည်။
“ဂျူးနိုင်ငံတော်ဥပဒေ”သည် အာရပ်ဘာသာစကားကိုလည်း နိုင်ငံတော်ဘာသာစကားအဆင့်မှ လျှော့ချလိုက်သလို၊ ဂျူးများအတွက် အိမ်ရာသစ်များတိုးချဲ့ဆောက်လုပ်ရေးကိုလည်း နိုင်ငံတော်အကျိုးစီးပွားထိန်းသိမ်းမှုလုပ်ငန်းအဖြစ် သတ်မှတ်ဖော်ပြလိုက်သည်။ ဂျေရုဆလင် တစ်မြို့လုံးကိုလည်းအစ္စရေးမြို့တော်အဖြစ် သတ်မှတ်ကြောင်း ဂျူးနိုင်ငံတော်ဥပဒေတွင် ဖော်ပြထားသည်။
အစ္စရေးအာရပ် လွှတ်တော်အမတ်များကဥပဒေကို ပြစ်တင်ရှုတ်ချလျက်ရှိပြီး၊ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူအစ္စရေးအတွက် အဆုံးအဖြတ်ပေးသည့် ဥပဒေအဖြစ် ချီးကျူးပြောကြားလိုက်သည်။
ဥပဒေကိုလက်ယာယိမ်းအစ္စရေးအစိုးရကထောက်ခံထားပြီးအစ္စရေးသည် ဂျူးများ၏ သမိုင်းစဉ်ဆက်ဇာတိမြေဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ပတ်သက်ပြီး ဂျူးများတွင် ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိကြောင်းဖြင့် အစ္စရေးအစိုးရကဆိုသည်။ ဂျူးနိုင်ငံတော်ဥပဒေကိုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာထောက်ခံမဲ ၆၂ မဲ၊ ကန့်ကွက်မဲ ၅၅ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကအစ္စရေးသည် ဒီမိုကရေစီနည်းကျ ကျင့်သုံးနေကြောင်း၊ သို့ဖြစ်သောကြောင့်ပင် လူများစု ဂျူးများသည် ဒီမိုကရေစီနှင့်အညီလူများစုဆုံးဖြတ်ပိုင်ခွင့်၊ လူများစုရပိုင်ခွင့်များအတိုင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းပြောကြားသည်။
အစ္စရေးနိုင်ငံလူဦးရေကိုးသန်းခန့်အနက် အစ္စရေးအာရပ်များက ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ဥပဒေအရအစ္စရေးအာရပ်များသည်လည်းအခွင့်အရေးတန်းတူရပိုင်ခွင့်ရှိကြောင်းဖော်ပြထားသော်လည်းတကယ်တမ်းတွင် ပညာရေး၊ ကျန်းမာရေး၊ အိမ်ရာစသည့် ကဏ္ဍအများအပြားတွင် ဒုတိယအဆင့် နိုင်ငံသားနှယ် ဆက်ဆံခံနေရကြောင်းအစ္စရေးအာရပ်များကဝေဖန်လျက်ရှိသည်။

















