ရုရှားသူလျှိုမယ် မာရီရာဘူတီနာ အမေရိကန် ဩဇာကြီးအဖွဲ့များထဲ ခန္ဓာကိုယ်နဲ့ရင်းပြီးဝင်ရောက်ခဲ့ဟုဆို

ရုရှားသူလျှိုမယ် မာရီရာဘူတီနာ အမေရိကန် ဩဇာကြီးအဖွဲ့များထဲ ခန္ဓာကိုယ်နဲ့ရင်းပြီးဝင်ရောက်ခဲ့ဟုဆို

ရုရှားအစိုးရအတွက် အလုပ်လုပ်ပေးနေသည့် သူလျှိုမယ်ဟုစွပ်စွဲခံထားရသည့် မာရီရာဘူတီနာသည် အမေရိကန်တွင် နိုင်ငံရေးအရဩဇာကြီးသည့် အဖွဲ့အစည်းများထဲဝင်ရောက်နိုင်ရေးအတွက် ခန္ဓာကိုယ်ကိုရင်းကာအားထုတ်ခဲ့ကြောင်းဖြင့် အမေရိကန်တာဝန်ရှိသူများထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မာရီရာဘူတီနာသည် ရုရှားထောက်လှမ်းရေးနှင့် နီးနီးကပ်ကပ် ဆက်ဆံမှုရှိသဖြင့် ၎င်းအား ရုံးထုတ်စစ်ဆေးမည့်ကာလအထိဖမ်းဆီးထိန်းသိမ်းထားရန် အမေရိကန်ပြည်ထောင်စုတရားရုံးတရားသူကြီးကအမိန့်ချမှတ်ထားသည်။ အသက် ၂၉ နှစ်အရွယ် မစ္စ ဘူတီနာ၏ ရှေ့နေက ၎င်း၏ အမှုသည်သည် စွပ်စွဲချက်များကိုဖြေရှင်းနိုင်ရေးအတွက် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ပြောကြားထားသည်။

မစ္စ ဘူတီနာသည် ဇူလိုင် ၁၅ တွင် ဖမ်းဆီးခံရပြီးဇူလိုင် ၁၈ တွင် ဝါရှင်တန်ဒီစီတရားရုံးတွင် ရုံးထုတ်စစ်ဆေးခံရသည်။ ပြည်ပထောက်လှမ်းရေးအဖြစ် မှတ်ပုံတင်ရန် ပျက်ကွက်မှု၊ အမေရိကန်အစိုးရကိုဆန့်ကျင်ကြံစည်အားထုတ်မှုများဖြင့် စွပ်စွဲခံထားရသည်။ သူလျှိုမှုဖြင့် စွဲချက်တင်ခံရခြင်းမရှိကြောင်းလည်းတွေ့ရသည်။

မစ္စ ဘူတီနာသည် အသက် ၅၆ နှစ်အရွယ် အမေရိကန်အမျိုးသားတစ်ဦးနှင့် အတူနေထိ်ုင်လျက်ရှိကြောင်းတရားရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။ ထိုသူအမည်ကိုဖော်ပြမထားဘဲလူ - ၁ ဟုသာရေးထားသည်။ မစ္စ ဘူတီနာ၏ ဆိုရှယ်မီဒီယာတွင် တင်ထားမှုများအရဆိုလျှင် တောင်ဒါကိုတာအခြေစိုက် အသက် ၅၆ နှစ်အရွယ် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားပေါလ် အဲရစ်ဆန် ဖြစ်နိုင်ခြေများသည်။ မစ္စ ဘူတီနာသည် ထိုသူနှင့်သာမကအခြားသူတစ်ဦးကိုလည်း ခန္ဓာကိုယ်ပေးကာအမေရိကန်၏ နိုင်ငံရေးဩဇာကြီးအဖွဲ့တစ်ခုထဲဝင်နိုင်ရန် လမ်းခင်းခဲ့ကြောင်းဖြင့် အစိုးရရှေ့နေများကဆိုသည်။ တရားရုံးမှတ်တမ်းတွင် မည်သည့်အဖွဲ့အစည်းဟုဖော်ပြထားခြင်းမရှိသော်လည်းမစ္စ ဘူတီနာ၏ ဆိုရှယ်မီဒီယာတွင် တွေ့ရလျက်အရ ၎င်းသည် အမေရိကန် အမျိုးသား ရိုင်ဖယ်အသင်းကြီး (အင်န်အာအေ) ၏ ပွဲလမ်းများသို့ မကြာမကြာတက်ရောက်လေ့ရှိကြောင်းတွေ့ရသည်။

မစ္စ ဘူတီနာသည် ရုရှားအစိုးရအဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး၏ ကြိုးကိုင်မှုအောက်တွင် လှုပ်ရှားနေသူဖြစ်ကြောင်းအမေရိကန်တရားရေးဝန်ကြီးဌာနကလည်းစွပ်စွဲထားသော်လည်းမည်သူမည်ဝါဟုအမည်တပ်ဖော်ပြထားခြင်းမရှိ။