ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အမေရိကန်အစိုးရက သည်းခံမည်မဟုတ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကို ပြောဆိုခဲ့သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၁၈ ရက်တွင် ပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့မှုအတွက် ပူတင်တွင် တာဝန်ရှိခြင်းရှိမရှိကို မေးမြန်းသည့်အခါ ထရမ့်က အမေရိကန်နိုင်ငံတွင်းဖြစ်ပျက်နေသည်များအတွက် ၎င်းတွင်တာဝန်ရှိသလို ပူတင်သည်လည်း ရုရှားကို အုပ်ချုပ်နေသူဖြစ်သောကြောင့် တာဝန်ရှိကြောင်း ဖြေဆိုခဲ့သည်။
ဖင်လန်နိုင်ငံ ဟယ်စင်ကီ၌ ထိပ်သီးဆွေးနွေးပွဲပြုလုပ်စဉ်အတွင်း ပူတင်ကို ဖိအားပေးကာ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုခဲ့သည့်အတွက် ထရမ့်အား ဒီမိုကရက်နှင့် ရီပတ်ဘလီကန်အမတ်များက ဝေဖန်ပြစ်တင်နေကြပြီဖြစ်သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ရုရှားသည် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန် ရှုံးနိမ့်စေရေးအတွက် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးများက တွေ့ရှိမှုကို မေးခွန်းထုတ်ခဲ့သည့်အတွက် ထရမ့်သည် ဝေဖန်ပြစ်တင်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ဟယ်စင်ကီဆွေးနွေးပွဲတွင် စကားမှားပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ဇူလိုင် ၁၈ ရက်တွင် ပြောင်းလဲပြောဆိုခဲ့သည်။ ပူတင်က ၎င်းကို လိမ်ခဲ့ခြင်းရှိမရှိိမေးမြန်းသည့်အခါ ထရမ့်က လိမ်သည်မလိမ်သည်ကို မပြောလိုကြောင်း၊ မည်သည့်အမေရိကန်သမ္မတကမျှ ရုရှားအပေါ် ၎င်းလောက် တင်းမာပြတ်သားခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
ရုရှားသည် အမေရိကန်အပေါ် ဆက်လက်ပစ်မှတ်ထားခြင်းရှိမရှိကိုမေးမြန်းသည့်အခါ ထရမ့်က နိုးဟု ဖြေဆိုဟန်ရှိခဲ့သည်။ ရုရှားသည် အမေရိကန်ဒီမိုကရေစီစနစ်အားနည်းသွားစေရန် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအကြီးအကဲ ဒန်ကုတ်စ်က ဇူလိုင် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။ ယင်းကြောင့် ထရမ့်၏ မရှိဟု ပြောဆိုမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါစ်က ရှင်းလင်းပြောဆိုခဲ့ရသည်။ ထရမ့်က နိုးဟု ပြောဆိုခြင်းမှာ သတင်းထောက်များကို နောက်ထပ်မေးခွန်းမမေးရန် ပြောဆိုခြင်းသာဖြစ်ကြောင်း ဆန်ဒါစ်ကပြောဆိုခဲ့သည်။
ပူတင်နှင့် တံခါးပိတ်ဆွေးနွေးစဉ်အတွင်း ပြောဆိုခဲ့သည်များကို သိရှိရန်အတွက် ထိပ်သီးဆွေးနွေးပွဲ စကားပြန်ကို ကြားနာစစ်ဆေးရန် ဒီမိုကရက်တစ်အမတ်များက ကွန်ဂရက်စ်ကိုတိုက်တွန်းထားသည်။ ခေါင်းဆောင်နှစ်ဦးသည် နှစ်နာရီကြာ တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး ၎င်းတို့နံဘေးတွင် စကားပြန်များမှလွဲပြီး အခြားလူများမရှိခဲ့ချေ။
ထရမ့်အတွက်စကားပြန်ပေးခဲ့ပြီး မှတ်စုချရေးခဲ့သည့် အမျိုးသမီးသည် အဓိကသတင်းအချက်အလက်များကိုထောက်ပံ့ပေးနိုင်ကြောင်း ဒီမိုကရက်တစ်အမတ်များကပြောဆိုခဲ့သည်။ စကားပြန်ကို ကော်မတီက ကြားနာစစ်ဆေးလိုကြောင်း အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဝင် ဒီမိုကရက်တစ်အမတ် ဘော့မဲနန်ဒက်ဇ်ကပြောဆိုခဲ့သည်။ ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် ဘော့ကော့ကာကလည်း ယင်းကဲ့သို့ကြားနာနိုင်ရန် နည်းလမ်းရှာနေကြောင်း ပြောဆိုခဲ့သည်။

















