တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကမအောင်မြင်သောအာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကစတင်ကာအရေးပေါ်အခြေအနေကြေညာထားမှုကို နှစ်နှစ်နီးပါး ကြာမြင့်လာပြီးနောက် အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
အရေးပေါ်အခြေအနေကြေညာချက်အောက်တွင် လူပေါင်းထောင်သောင်းချီဖမ်းဆီးခံရ၊ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။ အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကိုသုံးလတစ်ကြိမ်ဖြင့် ခုနစ်ကြိမ် သက်တမ်းတိုးခဲ့ပြီးနောက်တွင် ရုပ်သိမ်းရန် အစိုးရကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သမ္မတရီဆပ်တေရစ် အာဒိုဂန် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ပြီးနောက်တွင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းအတိုက်အခံ နိုင်ငံရေးပါတီများကလည်း ၎င်းတို့ အနိုင်ရရှိပြီးအစိုးရဖွဲ့နိုင်ပါကဦးဆုံးလုပ်မည့်အလုပ်သည် အရေးပေါ်အခြေအနေကြေညာထားမှုကို ရုပ်သိမ်းရန်ဖြစ်ကြောင်းကတိပြုခဲ့ကြဖူးသည်။
မအောင်မြင်သောအာဏာသိမ်းမှုနောက်ပိုင်းလူပေါင်း ၁၀၇၀ဝ၀ ကျော် အစိုးရအလုပ်များမှ ထုတ်ပယ်ခံခဲ့ရသလို၊ ၅၀ဝ၀ဝ ကျော်သည်လည်းဖမ်းဆီးရုံးတင်ခံခဲ့ရကြောင်းအစိုးရစာရင်းများနှင့် အင်န်ဂျီအိုအဖွဲ့များက ပြုစုသည့် စာရင်းများအရသိရသည်။ အများစုသည် အစ္စလာမ္မစ် ဘာသာရေးဆရာဖတ်တူလာဂူလန်ကိုထောက်ခံသူများဟုအစိုးရကစွပ်စွဲထားသည်။ အမေရိကန်တွင် နေထိုင်လျက်ရှိသောဘာသာရေးဆရာသည် ၂၀၁၆ ခုနှစ်ကမအောင်မြင်ခဲ့သောအာဏာသိမ်းရေး ကြိုးပမ်းမှုကို ကြိုးကိုင်ခဲ့သူဟုတူရကီအစိုးရကစွပ်စွဲထားပြီးဘာသာရေးဆရာဂူလန်က ငြင်းဆိုထားသည်။
၂၀၁၆ ခုနှစ် အာဏာသိမ်းရေး ကြိုးပမ်းမှုတွင် တိုက်လေယာဉ်များကလွှတ်တော်ကိုဗုံးကြဲတိုက်ခိုက်သည်အထိ ဖြစ်ပွားခဲ့ပြီးလူ ၂၅၀ ကျော် သေဆုံးခဲ့သည်။

















