အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှု ကနေ ကာကွယ်ပေးထားတာကြောင့် ကမ္ဘာတစ်ဝန်းကုန်သွယ်မှုရဲ့ ရေရှည်အကျိုးစီးပွားတွေကို ဆုတ်ယုတ်သွားစေလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပျံ့နှံ့လျက်ရှိနေတယ်။
အမေရိကန်ကုမ္ပဏီ အတော်များများအပါ အဝင် ထရမ့်ကို ထောက်ခံတဲ့သူတွေ အတော် များများကလည်း ပြင်းထန်တဲ့ မူဝါဒတွေဟာ တရုတ်ကို အမေရိကန်ရဲ့ နည်းပညာနဲ့ တန်းတူဖြစ်လာမယ့် အခြေအနေကနေ ကာကွယ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှု လျော့ပါးသွားမယ့် ရေရှည်သက်ရောက်မှုကို စိုးရိမ်မှုတွေဟာ ပုံကြီးချဲ့တာမျိုးဖြစ်နိုင်ကာ တရုတ်ကို မတိုးတက်စေရဘူးဆိုတဲ့ မျှော်လင့်ချက်ဟာလည်း ဖြစ်လာစရာအခွင့်အလမ်း မရှိပါဘူး။
ကုန်သွယ်မှုဖြစ်လာတဲ့ အကြောင်းသုံးမျိုး ရှိတယ်။ ပွဲဦးထွက်ကတော့ နိုင်ငံတွေမှာ ကွဲပြားတဲ့ ရှိရင်းစွဲ ပစ္စည်းအရင်းအမြစ်တွေ ရှိကြတယ်။ တချို့က ရေနံ၊ တချို့က ကြေးနီ၊ တချို့က ငှက်ပျောစိုက်ပျိုးကြတယ်။ တချို့ကလည်း ဂျုံစပါးစိုက်ပျိုးကြတယ်။ အဲဒီ ကုန်သွယ်မှုကိုသာ ရပ်လိုက်ရင် ကမ္ဘာရဲ့ ချမ်းသာကြွယ်ဝမှုကို ထိခိုက်မှာ ဖြစ်တယ်။ ဒါပေမဲ့ ကုန်ပစ္စည်းတွေနဲ့ လယ်ယာထွက် ပစ္စည်းတွေရဲ့ ကုန်သွယ်မှုဟာ တကယ်တမ်း စုစုပေါင်း ကုန်သွယ်မှုရဲ့ ဝေစုအနည်းငယ်သာ ရှိတယ်။ ဒီအတိုင်းပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်ဆိုတာ သံသယမရှိနိုင်ဘူး။
ကုန်သွယ်မှုဟာ လုပ်အားခကွာခြားမှုတွေ ပေါ်မှာလည်း ထင်ဟပ်စေတယ်။ လုပ်အားခ ကုန်ကျမှုသက်သာတဲ့ နိုင်ငံတွေဟာ လုပ်သားအင်အား အမြောက်အမြားသုံးတဲ့ ကုန်ပစ္စည်းမျိုးတွေ ထုတ်လုပ်တယ်။ ဒီနေရာမှာ လုပ်ခမြင့်မားတဲ့ နိုင်ငံတွေဆီက တင်သွင်းတဲ့ စက်ယန္တရားတွေကို အသုံးပြုတယ်။ MIT က စီးပွားရေးပါရဂူ ဒေးဗစ်အော်တာလို စီးပွားရေးပါရဂူတွေက ဘာပြောသလဲဆိုရင် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဒီလိုသက်ရောက်မှုဟာ တချို့အလုပ်သမားတွေအတွက် မကောင်းသလို ကုမ္ပဏီရဲ့ အမြတ်အစွန်းအတွက် ကောင်းတယ်လို့ ဆိုကြတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဒေသခံ စီးပွားရေးစွမ်းဆောင်မှုတို့ကို အကျိုးရှိတဲ့ ချိန်ညှိမှုကို အားပေးပြီး ပို့ကုန်တိုးတက်မှုက ရလာတဲ့ အမြတ်အစွန်းတွေကို အဆောက်အအုံနဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတို့မှာ အသုံးချတဲ့ ဘယ်ဖွံ့ဖြိုးဆဲ နိုင်ငံအတွက်မဆို အလွန်ကောင်းနိုင်တယ်။ လုပ်အားခ ကွာခြားမှုတွေကြောင့် ဖြစ်လာတဲ့ ကုန်သွယ်မှုကြောင့်သာ တရုတ်ရဲ့ အံ့သြစရာကောင်းတဲ့ စီးပွားရေးအောင်မြင်မှု ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ အနာဂတ်မှာ ဒီလို ကုန်သွယ်မှု မျိုးဟာ အနည်းအကျဉ်းသာ အရေးကြီးလာစရာရှိတယ်။ အခုအချိန် တရုတ်မှာ လုပ်ခလစာတွေ အလျင်အမြန် တိုးလာတာကြောင့် လုပ်အားခ အကုန်အကျသက်သာမှုဟာ မြန်ဆန်စွာ လျော့လာပြီဖြစ်တယ်။
အာဖရိကတိုက်လို လုပ်ခနည်းတဲ့ နေရာတွေဆီကို ကုန်ထုတ်လုပ်မှုဟာ ရွှေ့ပြောင်းသွားလိမ့်မယ်လို့ လူတွေက ယူဆကြပေမဲ့ အလုပ်အကိုင် အနည်းအကျဉ်းသာ ဖြစ်စေတဲ့ အဆင့်မြင့် အလိုအလျောက် စက်ယန္တရားတွေနဲ့ ထုတ်လုပ်တဲ့ စက်ရုံတွေရှိတဲ့ စီးပွားရေး တိုးတက်နေတဲ့ နိုင်ငံတွေဆီ ပြန်ရောက်သွားနိုင်တယ်။
နောက်ဆုံးမှာတော့ ထုတ်လုပ်မှု သုတေသန၊ ဖွံ့ဖြိုးမှုနဲ့ ကုန်အမှတ်တံဆိပ်တွေ အထူးပြုပြီး အဆင့်ရှိတဲ့ စီးပွားရေးတို့ဟာ တန်းတူ ချမ်းသာတဲ့ နိုင်ငံတွေအချင်းချင်း ကုန်သွယ်မှုဟာ ဖြစ်ပေါ်နေမှာပဲ။ ဥရောပက ဇိမ်ခံကားတွေကို အမေရိကန်ဆီ တင်ပို့၊ အမေရိကန် နာမည်ကြီး Harley Davidson မော်တော်ဆိုင်ကယ်တွေကို ဥရောပဆီ တင်သွင်း အထူးပစ္စည်းအများစုကို အပြန် အလှန် ကုန်သွယ်မှုပြုကြမှာဖြစ်တယ်။ ဒီကုန်သွယ်ရေး ဆက်နွှယ်မှုတွေဟာ နေရာတကျဖြစ်လာတဲ့အခါမှာ အခွန်စည်းကြပ်မှုတွေ ရုတ်တရက်ပြောင်းလာရင် အလွန်အနှောင့်အယှက်ဖြစ်လာမယ်။ ဒီတော့ ထရမ့်ရဲ့ မူဝါဒတွေဟာ ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိကကျတဲ့ ရေတိုခြိမ်းခြောက်မှု မလွဲမသွေ ဖြစ်လာစေမယ်။ ရေရှည်မှာတော့ အကြမ်းဖျင်းအားဖြင့် တစ်ဦးချင်း ညီမျှတဲ့ ဝင်ငွေရှိတဲ့ နိုင်ငံကြီးတွေအချင်းချင်း မကြာခဏ ယူဆသလို ချမ်းသြွာကယ်ဝမှုအတွက် ဒီလောက် အရေးမကြီးတော့ဘူး။
အဓိကအကြောင်းကတော့ များပြားတဲ့ ကုမ္ပဏီတွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းထားပြီး အဆင့်ရှိတဲ့ စီးပွားရေးနဲ့ ရှုပ်ထွေးပြီး ပေါင်းစည်းထားတဲ့ ဖြည့်ဆည်းမှု လမ်းကြောင်းတွေကို မြှင့်တင်ဖို့ ဘယ်လောက်ကြီးတဲ့ စီးပွားရေးဧရိယာလိုမလဲဆိုတာပဲဖြစ်တယ်။ လူဦးရေငါးသန်းရှိတဲ့ အိုင်ယာလန်နိုင်ငံလို နိုင်ငံဟာ ကုန်ပစ္စည်းအားလုံး လုံလောက်ဖို့ ကြိုးစားရင် သူ့ရဲ့ ဝင်ငွေဟာ ဒီနေ့အဆင့်ထက် အနည်းငယ်သာရှိမယ်။ ပိုပြီးကြီးတဲ့ ဗြိတိန်၊ ပြင်သစ်၊ ဒါမှမဟုတ် ဂျာမနီနိုင်ငံတို့ဟာ Autarky လို့ ခေါ်တဲ့ လွတ်လပ်တဲ့ စီးပွားရေးကို ကျင့်သုံးရင်တောင် ကုန်ထုတ်စွမ်းအားနဲ့ နေထိုင်မှုအဆင့်အတန်းတို့တွင် ထိခိုက်မှုဟာ အလွန်ကြီးမားလိမ့်မယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိတဲ့ တရုတ်ရဲ့ စီးပွားရေးဟာ အတွင်းမှာ အကြိတ်အနယ်ယှဉ်ပြိုင်မှုကိုထိန်းသိမ်းနိုင်ရင် ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးအဆင့်အားလုံးကို ရရှိနိုင်တယ်။ မူအားဖြင့်ပြောရရင် အိန္ဒိယလည်း ဒီအတိုင်းပဲ။ လူဦးရေ သန်း ၃၀ဝ ကျော်ရှိတဲ့ အမေရိကန်ဟာ သူ့နယ်နိမိတ်အလွန် တင်ပို့ကုန်၊ သွင်းကုန် အနည်းငယ်သာ လုပ်ရင် သူ့အနေနဲ့ အနည်းငယ်သာ ထိခိုက်မှာဖြစ်တယ်။ လူဦးရေ သန်း ၅၂၀ ရှိတဲ့ ဈေးကွက်တစ်ခုတည်းရှိတဲ့ ဥရောပ သမဂ္ဂလည်း ဒီအတိုင်းပဲ။ အခြေအနေတစ်ခုအလွန်မှာ တန်းတူ ချမ်းသာတဲ့ နိုင်ငံတွေအကြား ကျယ်ပြန့်တဲ့ ကုန်သွယ်မှုကြောင့် အလားအလာရှိတဲ့ အကျိုးဟာ မလွဲမသွေ ကျဆင်းသွားမှာ ဖြစ်တယ်။ ယနေ့ထက် စာရင် ၂၀၅၀ ပြည့်နှစ်မှာ ကုန်းမြေစီးပွားရေးတွေဖြစ်ကြတဲ့ တရုတ်၊ အမေရိကန်နဲ့ ဥရောပတို့မှာ ကုန်သွယ်မှု လျော့သွားခဲ့ရင် လူနေမှု အဆင့်အတန်းပေါ်မှာ တိုက်ရိုက်သက်ရောက်မှုဟာ အနည်းငယ်သာ ရှိလိမ့်မယ်။
လုပ်အားခ ကွာခြားမှုတွေကြောင့်ဖြစ်လာတဲ့ ကုန်သွယ်မှုကြောင့်သာ တရုတ်ရဲ့ အံ့သြစရာကောင်းတဲ့ စီးပွားရေးအောင်မြင်မှု ဖြစ်ပေါ်လာတာပါ ...
ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုမရှိရင်၊ ရင်းနှီးမြှုပ်နှံမှု၊ စီးဆင်းသွားလာမှုတွေမရှိရင် ဆုံးရှုံးမှာကတော့ ဗဟုသုတ၊ နည်းပညာနဲ့ အကောင်းဆုံးလေ့ကျင့်မှုတွေ လွှဲပြောင်းမှု ဆုံးရှုံးမှာဖြစ်တယ်။ တရုတ်ရဲ့ စီးပွားရေး ကောင်းလာတာဟာ လုပ်ခကုန်ကျမှု လှည့်လည်ရောင်းတာက စခဲ့တယ်။ ဒါပေမဲ့ ကြီးမားတဲ့ ဗဟုသုတလွှဲပြောင်းမှုကြောင့် တည်တံ့ခဲ့တယ်။ ဒီလွှဲပြောင်းတာရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာ စက်မှုလုပ်ငန်းဆိုင်ရာ သူလျှိုလုပ်တာကို ထင်ဟပ်စေခဲ့ပေမဲ့ အများစုကတော့ အလိုအလျောက် တရားဝင်နဲ့ပဲ မလွဲမသွေဖြစ်ခဲ့တယ်။
တရုတ်ရဲ့ နည်းပညာစွမ်းပကားကို အမေရိကန်က အခုအချိန်မှာ စိုးရိမ်နေတယ်။ ပိုမိုကောင်းမွန်လာတဲ့ နည်းပညာနဲ့ မူပိုင်ခွင့်တို့က ပေါ်ပေါက်လာတဲ့ စီးပွားရေးဆိုင်ရာ ငှားရမ်းမှုတွေ ဆုံးရှုံးမှုကို လုပ်ငန်းရှင်တွေက နောင်တရလာတယ်။ အမျိုးသားလုံခြုံရေးကိစ္စ သဘောထားတင်းမာသူတွေက အမေရိကန်ရဲ့ နည်းပညာသာမှုမှာ တစ်စတစ်စ ဆုတ်ယုတ်လျော့ပါးလာတာကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ပထဝီဝင်နိုင်ငံရေး အကျိုးဆက်တွေကို စိုးရိမ်ကြတယ်။ တရုတ်ကုန်ပစ္စည်း တွေအပေါ် အခွန်စည်းကြပ်မှုတွေဟာ ဒီစိုးရိမ်မှုတွေရဲ့ တုံ့ပြန်မှုတစ်စိတ်တစ်ပိုင်းဖြစ်ကာ အမေရိကန် အဆင့်မြင့်နည်းပညာ ကုမ္ပဏီတွေကို တရုတ်ရဲ့ သိုမှီးမှုအပေါ် ကန့်သတ်မှုတွေက တွေးဆမိတဲ့ ခြိမ်းခြောက်မှုကို တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်တယ်။
ဒါတွေဟာ ရိုးရိုးပြောရရင် အလွန် နောက်ကျသွားပြီဖြစ်တယ်။ ၁၉၈၀ ပြည့်နှစ်နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကသာ တရုတ်ရဲ့ စီးပွားရေးပွင့်လာမှုကို ငြင်းခုံနေမယ့်အစား ဘယ်အမေရိကန်ကုမ္ပဏီကိုမှ တရုတ်မှာ ရင်းနှီးမြှုပ်နှံတာကို ပိတ်ပင်တားဆီးခဲ့ရင် တရုတ်ရဲ့ တိုးတက်မှုဟာ သိသိသာသာ ကြန့်ကြာသွားမှာဖြစ်ပေမဲ့ အမြဲဟန့်တားနိုင်မှာတော့ မဟုတ်ဘူး။
ဒီလို မဖြစ်ခဲ့ဘဲ တရုတ်ရဲ့ တိုးတက်လာမှု ကိုယ်တိုင်တည်တံ့အောင် လုပ်ထားနိုင်တယ်။ ကြီးမားပြီး အလျှံပယ်ဖြစ်လာနေတဲ့ ပြည်တွင်း ဈေးကွက်ဟာ တင်ပို့ကုန်တွေကြီးထွားမှုအတွက် သိပ်အရေးမပါတော့ဘူး။ အလျင်အမြန်တိုးတက်လာတဲ့ လုပ်အားခတွေကလည်း အကောင်းဆုံးလေ့ကျင့်မှု အသုံးချတာတွေအတွက် ဆွဲဆောင်မှုတွေကို ဖြစ်စေတယ်။ သမ္မတ ရှီကျင့်ဖျင်ရဲ့ 'တရုတ်နိုင်ငံမှာ လုပ်သည်၊ ၂၀၂၅' အစီအစဉ်ဟာလည်း တရုတ်နိုင်ငံမှာ သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတို့က ပံ့ပိုးတဲ့ တန်ဖိုးမြင့်တဲ့ ထုတ်လုပ်မှုဆီရွှေ့ဖို့ မြှင့်တင်ပေးမှာဖြစ်တယ်။ အမေရိကန်က အခုအချိန်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်လိုက်ရင်တောင် တရုတ်ရဲ့ တိုးတက်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံ ရေးအာဏာကို ကွာခြားမှုဖြစ်သွားစေမှာ မဟုတ်ဘူး။
တရုတ်ရဲ့ မြန်မြန်ဆန်ဆန် တိုးတက်မှုကို အတုယူဖို့မျှော်လင့်တဲ့ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက်ကတော့ ဒီလိုမဟုတ်ဘူး။ ဒီနိုင်ငံတွေဟာ တင်ပို့ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ အလုပ်အကိုင်တီထွင်မှုကို ပိတ်ပင်ထားမယ့် လူတွေအစား စက်ယန္တရား အသုံးပြုတာရဲ့ ခြိမ်းခြောက်မှုကို ဒီနိုင်ငံတွေ ရင်ဆိုင်နေရပြီဖြစ်တယ်။ ယနေ့ ထရမ့်ကြောင့် ဖြစ်ပေါ်လာတဲ့ ဝရုန်းသုန်းကားအခြေအနေ မှာ အရေးအကြီးဆုံး ဦးစားပေးကိစ္စကတော့ ဒီလို ဒီလိုစိန်ခေါ်မှုမျိုးတွေကို ကုန်သွယ်မှု အပေါ် အန္တရာယ်ဖြစ်စေမယ့် ကန့်သတ်ချက် တွေနဲ့ ပိုမိုဆိုးရွားမလာဖို့ သေချာအောင် လုပ်ဖို့ပဲဖြစ်တယ်။
(ဤဆောင်းပါးသည် Adair Turner ၏ အာဘော်သာဖြစ်သည်။ သူသည် UK ၏ Financial Services Authority ၏ ဥက္ကဋ္ဌဟောင်းနှင့် Financial Committee အဖွဲ့ဝင်ဟောင်းဖြစ်ပြီးInstitutte For New Economic Thinking ၏ ဥက္ကဋ္ဌဖြစ်သည်။ သူ၏ နောက်ဆုံးထုတ် စာအုပ်မှာ Between Debt and the Devil ဖြစ်သည်။)

















