အကောက်ခွန်ကင်းလွတ်ရေး ဂျပန်နှင့် ဥရောပသမဂ္ဂကုန်သွယ်ရေးစာချုပ်ချုပ်

အကောက်ခွန်ကင်းလွတ်ရေး ဂျပန်နှင့် ဥရောပသမဂ္ဂကုန်သွယ်ရေးစာချုပ်ချုပ်

တိုကျို - ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့သည် ၎င်းတို့၏  ထုတ်ကုန်ပစ္စည်းများ ကုန်သွယ်ရောင်းဝယ်ရာတွင် အကောက်ခွန် အားလုံးနီးပါး ကင်းလွတ်စေမည့် သမိုင်းဝင်သဘောတူညီချက်တစ်ရပ်ကို ဇူလိုင် ၁၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါရည်မှန်းချက်ကြီးသော သဘောတူညီချက်ကို တိုကျိုမြို့တွင် လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံ အတော်များများထံမှ သွင်းကုန်များကို အကောက်ခွန် ပိုမိုတိုးမြှင့်စည်းကြပ်သည့်လုပ်ရပ်ကို လက်တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။ "ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံ တို့ဟာ လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် ရှေ့ဆောင် ရှေ့ရွက်ပြုတဲ့ နိုင်ငံတွေအဖြစ် ကမ္ဘာကို ဦးဆောင်ဖို့ တားဆီးလို့မရတဲ့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို ဖော်ပြ လိုက်တာပါပဲ"ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တာ့ခ်နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယမ်းကလော့ ဂျမ်ကာတို့နှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ဥရောပသမဂ္ဂ နိုင်ငံများသို့ ရောင်းချသည့် ဂျပန်ကုန်ပစ္စည်းများကို အကောက်ခွန် ၉၉ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုထားသည်။ ဥရောပသမဂ္ဂနိုင်ငံများက ဂျပန်နိုင်ငံသို့ တင်ပို့သည့် ပို့ကုန်များကို ၉၄ ရာခိုင်နှုန်းခန့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး နောင်တွင် ၉၉ ရာခိုင်နှုန်းအထိ တိုးပေးမည်ဟု သိရသည်။ ဥရောပသမဂ္ဂက ပြောကြားရာတွင် ကုန်သွယ်ရေး လျှော့ပေါ့မှုများသည် ဓာတုပစ္စည်း၊ အဝတ်အထည်များ၊ အလှကုန်ပစ္စည်းများနှင့် ဘီယာ ကဲ့သို့သော ဥရောပပို့ကုန်များ ဂျပန်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးကို အထောက်အကူပြုမည်ဟု ဆိုသည်။ ဂျပန်နိုင်ငံကလည်း ဒိန်ခဲအမျိုးမျိုး၊ ချောကလက်နှင့် ဘီစကွတ်မုန့်များကို ဈေးပေါပေါဖြင့် ရရှိမည်ဖြစ်သည်။

ပြည်ပမှတင်သွင်းသော ဝိုင်များနှင့် ဒိန်ခဲများသည် ဂျပန်နိုင်ငံ ဝိုင်ထုတ်လုပ်သူများနှင့် နို့ထွက်ပစ္စည်း ရောင်းချမှုများကို ထိခိုက်နိုင်သည်။ သို့ရာတွင် ဂျပန် စားသုံးသူများသည် သမိုင်းအစဉ်အလာအရ ဥရောပထုတ်ကုန်များကို ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။ အဆိုပါ သဘောတူညီချက်အပြင် ဥရောပသမဂ္ဂနှင့် ဂျပန် နိုင်ငံတို့သည် ပစိဖိတ်ဖြတ်ကျော် သဘောတူညီမှုအပါအဝင် အခြားကုန် သွယ်ရေးစာချုပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။