ဂူတွင်းမှ ကယ်ဆယ်ခဲ့သည့် ထိုင်းကလေးများ သတင်းစာရှင်းလင်းပွဲ

ဂူတွင်းမှ ကယ်ဆယ်ခဲ့သည့် ထိုင်းကလေးများ သတင်းစာရှင်းလင်းပွဲ

ချင်းရိုင်  (ထိုင်း) ” ကျောက်လိုဏ်ဂူအတွင်း ပိတ်မိခဲ့ ပြီးနောက် အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည့် ထိုင်း လူငယ်ဘောလုံးသမားများနှင့် အသင်း၏ နည်းပြတို့ကို ဇူလိုင် ၁၈ ရက် ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲတွင် သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့သည်။ ၎င်းတို့သည် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ဂူတွင်းမှ ကယ်ဆယ်ပြီးနောက်ကုသမှုခံယူခဲ့သည့် ဆေးရုံမှ ဆင်းခဲ့ကြသည်။

 

ထိုင်းလူငယ်များသည် ၎င်းတို့နေအိမ်သို့မပြန်မီ သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်းဖြစ်ပြီး လူငယ် ၁၂ ဦးနှင့်၎င်းတို့၏ အသက် ၂၅ နှစ်အရွယ်ရှိ ဘောလုံးအသင်းနည်းပြ တို့သည် ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲ ကျင်းပရာ ခန်းမသို့ လူငယ်ကလေးများ ဝင်ရောက်လာသည့်အခါ မီဒီယာများနှင့် သူတို့၏အတန်းဖော် သူငယ်ချင်းများက လက်ခုပ်သြဘာပေးခဲ့ကြသည်။

ခန်းမအတွင်း ပြုလုပ်ထားသော ဘောလုံးကွင်း အသေးစားကလေး၌ သူတို့၏ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်မှုကို ခေတ္တမျှ သရုပ်ပြခဲ့ကြသည်။ ဆရာဝန်များ၊ ၎င်းတို့ကိုကယ်ဆယ်ခဲ့သည့် ထိုင်းရေတပ် အထူးကွန်မန်ဒိုများနှင့်အတူ ရှေ့တန်းတွင် နေရာမယူမီ သူငယ်ချင်းများက လူငယ်ကလေးများကို ပွေ့ဖက်နှုတ်ဆက်ခဲ့ကြသည်။ ပထမမေးခွန်းနှစ်ခုကို ဆရာဝန်များက ဖြေကြားခဲ့ပြီး လူငယ် ၁၃ ယောက်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ရှိကြောင်း၊ လူငယ် ကလေးများသည် လွန်ခဲ့သော ရက်သတ္တပတ် လိုဏ်ဂူတွင်းမှ ကယ်ဆယ်ခဲ့ပြီးနောက်ပိုင်း ပျမ်းမျှ သုံးကီလိုဂရမ် (၆ ဒသမ ၆ ပေါင်) ကိုယ်အလေးချိန် တက်လာကြောင်း၊ လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သည့် ကာလအတွင်း ၎င်းတို့သည် ပျမ်းမျှ လေးကီလိုဂရမ် (ကိုးပေါင်) ကိုယ်အလေးချိန် ကျဆင်းခဲ့ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

လူငယ်ကလေးတစ်ဦးက သူ့ဖြစ်ရပ်ကို ပြန်ပြောပြရာ၌ ရေငုပ်သမားများကို သူတို့တွေ့လိုက်သည့် အချိန်မှာ အထူးအံ့သြဖွယ် အချိန်ကလေးတစ်ရပ်ပင်ဖြစ်သည်ဆို၏။ လူငယ် ဘောလုံးအသင်းတွင် အင်္ဂလိပ်စကား ပြောတတ်သည့် တစ်ဦးတည်းသော ဘောလုံးသမား ကလေးမှာ အသက် ၁၄ နှစ်အရွယ်ရှိ အဒူး ဆမ်းအွန် ဖြစ်သည်။ သူက ဗြိတိသျှ ရေငုပ်သမားနှစ်ဦး ရေပေါ် တက်လာသည့်အခါ ဟဲလိုဟု နှုတ်ဆက်ခဲ့သည်။

"သူတို့က အင်္ဂလိပ်လူမျိုးတွေဖြစ်နေလို့ ကျွန်တော် အတော့်ကို အံ့အားသင့်ပြီး ဟဲလိုလို့ နှုတ်ဆက်လိုက်တာ ပါ"ဟု ၎င်းကဆိုသည်။

သတင်းထောက်များ၏ မေးခွန်းများကို ကြိုတင် စိစစ် ထားပြီး ကလေး စိတ်ရောဂါကု ဆရာဝန်များက ကလေးများစိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ကြိုတင် ပြင်ဆင်စိစစ်ထားခြင်းဖြစ်သည်။ ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမ·း ပရာချွန် ပယတ်ဆူတန်က ပြောကြားရာ၌ ယခု သတင်းစာရှင်းလင်းပွဲသည် လူငယ်များ မီဒီယာနှင့် တရားဝင် တွေ့ဆုံခြင်းဖြစ်ပြီး နောက်ထပ်ရှင်းလင်းပြောကြားတော့မည်မဟုတ်ဟု ဆိုသည်။

ဆေးရုံမှဆင်းလာသည့် ဘောလုံးသမား လူငယ် ကလေးများကို ဘေးဒုက္ခကြုံပြီး ကုသိုလ်ကံဆိုးခဲ့သူ အမျိုးသားများကို ထိုင်းနိုင်ငံတွင် ဆောင်ရွက်ပေးသည့် ထုံးစံအတိုင်း သာသနာ့ဘောင်သို့ ရက်အနည်းငယ် သွတ်သွင်းကာ ကုသိုလ်ပြုပေးရန် စီစဉ်ထားသည်ဟု သိရသည်။ ဇွန် ၂၃ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ထန်လန်ဂူတွင်းသို့ ဝင်ရောက်မိခဲ့ခြင်းမှာ မူလက နာရီပိုင်း သာဖြစ်သော်လည်း မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးလာပြီး ထွက်လမ်းပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (အေပီ) တင်စိန် ဘာသာပြန်သည်။