တိုကျို- ” ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကိုအလေးထား ဆောင်ရွက်ပေးခြင်းအဖြစ် ပလူတိုနီယမ် သိုလှောင်သိမ်းဆည်းထားသည့် ပမာဏကို လျှော့ချရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုခြင်းအဖြစ် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့၏ နျူကလီးယား သဘောတူညီချက်ကို သက်တမ်းတိုးမြှင့်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်က သဘောတူချုပ်ဆိုခဲ့သည် နှစ် ၃၀ သက်တမ်းရှိ အဆိုပါစာချုပ်က ဂျပန်နိုင်ငံကို ပလူတိုနီယမ်နှင့် သန့်စင်ပြီးယူရေနီယမ်များ ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အဆိုပါတွင်းထွက်များ ထုတ်ယူမှုကို ခွင့်ပြုပေးခဲ့သည်။ နှစ်နိုင်ငံစလုံးက အဆိုပါစာချုပ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုခြင်းမရှိဘဲ နှစ်ဖက်စလုံးကခြောက်လကြိုတင်သတိပေးချက်ဖြင့် စာချုပ်ကို အဆုံးသတ်နိုင်သည်ဆိုသည့် ရွေးချယ်စရာတစ်ခုဖြင့်သာ အဆိုပါစာချုပ်ကို ဇူလိုင် ၁၇ ရက်က သက်တမ်းတိုးမြှင့်ခဲ့ကြသည်။
သို့သော် စာချုပ်အသစ်ကြောင့် ဂျပန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် အမေရိကန်မူဝါဒကို ပိုမို အကာအကွယ်မဲ့စေခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက စာချုပ်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ဂျပန်နိုင်ငံက ယူရေနီယမ်သိုလှောင်သိမ်းဆည်းမှုကို လျှော့ချပေးမည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါစာချုပ်သည် ဂျပန် နျူကလီးယားစက်မှုလုပ်ငန်း၏ အခြေခံဖြစ်ကာ ဂျပန်နိုင်ငံ၏ ပလူတိုနီယမ်အစီအစဉ်နှင့်ပတ်သက်၍ သံသယများနှင့် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပစ်ရန် ပလူတိုနီယမ် ပမာဏများကို လျှော့ချပေးရန် ဂျပန်နိုင်ငံက ခိုင်ခိုင်မာမာ ကြိုးပမ်းဆောင်ရွက်ပေးမည်ဟု ကိုနိုက ပြောသည်။
ဂျပန်နိုင်ငံက ပလူတိုနီယမ်ကို မမှန်မကန်အသုံးပြုခြင်းနှင့် ပြန်လည်ထုတ်လုပ်သည့် နည်းစနစ် အလားအလာများကို ကာလကြာရှည်ငြင်းဆိုခဲ့သော်လည်း လက်နက်များထုတ်လုပ်နိုင်သည့် အဆင့်ရှိသည့် ပလူတိုနီယမ်များသိုလှောင်သိမ်းဆည်းမှု လျှော့ချမှုမရှိခြင်းက ယခုကဲ့သို့ ခိုင်မာသည့် ခြေလှမ်းများ လုပ်ဆောင်ပြရန် တွန်းအားပေး နေသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားကို ၎င်း၏ နျူကလီးယားလက်နက်များ အား ဖျက်သိမ်းစေချင်သည့် အချိန်မျိုးတွင်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ နျူကလီးယား မူဝါဒချမှတ်ရေးအဖွဲ့က ပလူတိုနီယမ် သိုလှောင်သိမ်းဆည်းမှု လျှော့ချခြင်းနှင့် ပိုမိုကောင်းမွန်စွာစီမံခန့်ခွဲပေးရန် လမ်းညွှန်ချက် အသစ်များကို စုစည်းပြုစုနေသည်။
ဂျပန်နိုင်ငံသည် အသုံးပြုပြီး လောင်စာများကို အညစ်အကြေးအဖြစ် စွန့်ပစ်မည့်အစား ပြန်လည်ချက်လုပ်ကာ ြဥဌ လောင်စာပြုလုပ်ရန် ပလူတိုနီယမ်နှင့် ယူရေနီယမ်ကို ထုတ်ယူကာ ပြန်လည်အသုံးချနေသည်။
ဂျပန်နိုင်ငံသည် ယခုအခါ ပလူတိုနီယမ် ၄၇ တန်ပိုင်ဆိုင်ကာ ထိုပမာဏသည် နျူကလီးယားဗုံးအလုံး ၆,ဝ၀ဝ ပြုလုပ်ရန် လုံလောက်သည့်ပမာဏဖြစ်ပြီး တန်ချိန်အများစုမှာ အသုံးပြုပြီး လောင်စာများကို ပြန်လည်ထုတ်လုပ်အသုံးချခြင်းဖြစ်ကာ ပြင်သစ်နှင့် ဗြိတိန်တွင် သိုလှောင်ထားသည်။
လုံခြုံရေး စိုးရိမ်ပူပန်မှုများနှင့် အမေရိကန်၏ဖိအားပေးမှုရှိသော်လည်း ထိုပမာဏမှာ လျော့ကျမသွားပေ။ အကြောင်းမှာ ၂၀၁၁ ခုနှစ် ဖူကူရှီးမား သဘာဝဘေးအန္တရာယ်ကြောင့် ဆုတ်ယုတ်မှုများ ဖြစ်ပွားကာ ပလူတိုနီယမ် လောင်ကျွမ်းပေးနိုင်သည့် အဏုမြူဓာတ်ပေါင်းဖိုများပြန်လည်စတင်မှု နှေးကွေးခြင်းကြောင့်ဖြစ်သည်။
ဂျပန်နိုင်ငံမြောက်ပိုင်း ရိုကာရှိုရှိ အဓိကပြန်လည်သန့်စင်ရေး ဓာတ်ပေါင်းဖိုကြီးတစ်ခုမှာ ၂၀၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်လည်ပတ်ရန် ကြိုတင်စီစဉ်ထားရှိရာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ခွင့်ပြုချက် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သိုလှောင်သိမ်းဆည်းမှုမှာ ပိုများလာသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

















