ဂျိုဟန်နက်စဘာ့ဂ် ” အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမားနှင့် တောင်အာဖရိက နိုင်ငံသူနိုင်ငံသား များသည် ဇူလိုင် ၁၈ ရက်တွင် တောင်အာဖရိက လွတ်လပ်ရေးခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား၏ ရာပြည့် မွေးနေ့ပွဲကို အလ·ဒါနပြုခြင်းများဖြင့် ကျင်းပခဲ့ကြသည်။
အိုဘားမားသည် အဆိုပါ နှစ်ပတ်လည်ပွဲအတွက် အာဖရိကတိုက်တစ်ဝန်းတွင် လူငယ်လူရွယ်များနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ဂျိုဟန်နက်စဘာ့ဂ်မြို့တွင် မင်ဒဲလား၏ သည်းခံနိုင်စွမ်း အမွေအနှစ်နှင့်စပ်လျဉ်း၍ မိန့်ခွန်းတစ်ရပ် ဟောပြောခဲ့သည်။ ထို့နောက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏မူဝါဒများကို အမည်မဖော်ဘဲ ဝေဖန်ခဲ့သည်။
"လူအများစုကတော့ မင်ဒဲလားဟာ ကျွန်တော့်လိုဆံပင်မျိုးနဲ့ အဘိုးကြီးတစ်ယောက်လို့ ထင်ကြတယ်။ ဒါပေမဲ့သူ့နိုင်ငံ လွတ်မြောက်ရေးအတွက် မောင်ရင်တို့လို ငယ်ငယ်ရွယ်ရွယ်ဘဝကတည်းက စတင်ဆောင်ရွက်ခဲ့တယ်"ဟုဇူလိုင် ၁၈ ရက်တွင် လူငယ်ပရိသတ်ကို အသက် ၅၆ နှစ်အရွယ်ရှိ သမ္မတဟောင်း အိုဘားမားက ရယ်ရယ်မောမောဖြင့် ဟောပြောခဲ့သည်။ အိုဘားမားက လူငယ် အာဖရိကခေါင်းဆောင်များကို ပြည်တွင်း၌ အပြောင်းအလဲ များကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကမ္ဘာပေါ်တွင် လူဦးရေတိုးနှုန်းအမြန်ဆုံးဖြစ်သော တိုက်ကြီး၌ ပေါ်ပေါက် မည့်အကျိုးသက်ရောက်မှုများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ "ခင်ဗျားတို့ရည်မှန်းချက် ဘယ်လောက်ကြီးမားသလဲ"ဟု အိုဘားမားက မေးမြန်းခဲ့သည်။
သမ္မတဟောင်း အိုဘားမားက အင်္ဂလိပ်စကားပြော တိုင်းရင်းသားတစ်စု၏ ခွဲထွက်ရေးလှုပ်ရှားမှုကြုံနေရသော ကင်မရွန်းနိုင်ငံတွင် လောလောဆယ် ကြုံတွေ့နေရသည့် အသေအပျောက်များသော တင်းမာမှုများကို သာဓက တစ်ခုအဖြစ်တင်ပြကာ ပြောင်းလဲမှုများကို နှေးကွေးစေသည့် အကျင့်ပျက်ခြစားမှုနှင့် ပဋိပက္ခများလျော့ကျစေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

















