သြစတြေးလျ၏အလိုအရှိဆုံး ဂျီဟတ်ဝါဒီကို လွှဲပြောင်းပေးရန် တူရကီတရားရုံးငြင်းဆို

သြစတြေးလျ၏အလိုအရှိဆုံး ဂျီဟတ်ဝါဒီကို လွှဲပြောင်းပေးရန် တူရကီတရားရုံးငြင်းဆို

အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုဖြင့် သြစတြေးလျနိုင်ငံ၏ အလိုအရှိဆုံး အကြမ်းဖက်ဝါဒီ နီးလ် ပရာကက်ရှ်ကို လွှဲပြောင်းပေးအပ်ရန် တောင်းဆိုချက်အား တူရကီတရားရုံးတစ်ရုံးက ငြင်းဆိုသည့်အမိန့် ချမှတ်ခဲ့သည်။

ဆီးရီးယားကို ဖြတ်သန်းခဲ့သည့် ပရာကက်ရှ်ကို တူရကီ၌ ၂၀၁၆ က ဖမ်းဆီးရမိခဲ့သည်။ ပရာကက်ရှ်သည် သြစတြေးလျ၌ အိုင်အက်စ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်တွင် ပါဝင်ကြောင်း စွပ်စွဲခံထားရသည်။ လွန်ခဲ့သည့် မေလတွင် သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘူးလ်က ပရာကက်ရှ်ကို လအနည်းငယ်အတွင်း လွှဲပြောင်းပေးရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

တူရကီ ကီလီစ်မြို့ရာဇဝတ်တရားရုံးက ပရာကက်ရှ်ကို လွှဲပြောင်းမပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိကြောင်း သြစတြေးလျအစိုးရက ပြောဆိုသည်။ ပရာကက်ရှ်သည် တူရကီမှာပင် အကြမ်းဖက်မှု စွဲချက်များ ရင်ဆိုင်ရဖွယ်ရှိသည်။

တူရကီတရားရုံးဆုံးဖြတ်ချက်ကို စောဒကတက်မည်မဟုတ်ကြောင်း တန်းဘူးလ်က ပြောဆိုသည်။ မိမိတို့၏ ရည်ရွယ်ချက်သည် ပရာကက်ရှ်အနေဖြင့် အကြမ်းဖက်အလေ့အထများ နောက်တစ်ကြိမ် မပြုလုပ်နိုင်စေရေး သေချာရန်သာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ တူရကီအစိုးရအနေဖြင့် အလားတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။