အမေရိကန်၌ ကမ္ဘာလှည့်ခရီးသည်တင်လှေ မတော်တဆနစ်မြုပ်၍ ၁၁ ဦး ထက်မနည်းသေဆုံး

အမေရိကန်၌ ကမ္ဘာလှည့်ခရီးသည်တင်လှေ မတော်တဆနစ်မြုပ်၍ ၁၁ ဦး ထက်မနည်းသေဆုံး

အမေရိကန်နိုင်ငံ၊ ဘရန်ဆန်မြို့ရှိ မစ်ဆူရီရေကန်အတွင်း ကမ္ဘာလှည့်ခရီးသည်များတင်ဆောင်လာသည့် အပျော်စီး ဘဲလှေတစ်စီး မတော်တဆ နစ်မြုပ်ခဲ့၍  ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက်ညက ဖြစ်ပွားခဲ့သည့် ယင်းမတော်တဆမှုတွင် ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၇ ဦး ဆေးရုံတင်ပို့ ကုသထားရကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောဆိုသည်။

ဘရန်ဆန်ရှိ ကော့စ်ကုသရေးစင်တာသို့ လူကြီး ၄ ဦးနှင့် ကလေး ၃ ဦး ရောက်ရှိလာကြောင်း ဆေးရုံက ပြောဆိုသည်။ ဆိုးရွားသည့်ရာသီဥတုကြောင့် လှေနစ်မြုပ်ရသည်ဟု ယုံကြည်ရသည်။ ဘဲလှေဟု ဆိုသော်လည်း ကုန်းရေနှစ်ထွေသွားလာနိုင်သည့်ယာဉ်ဖြစ်ပြီး အချင်းဖြစ်ပွားချိန်တွင် ရေကန်တွင်း အခြားဘဲလှေတစ်စီး ရှိနေသော်လည်း ထွက်ခွာရာသို့ နောက်ကြောင်းပြန်ခဲ့ပြီး ဘေးကင်းခဲ့ကြောင်း သိရသည်။

ဘရန်ဆန်ဧရိယာတွင် ဇူလိုင် ၁၉ ရက်က မိုးကြိုးမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း၊ လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကျော်အထိ ရောက်ရှိနိုင်ကြောင်း သတိပေးခဲ့ကြောင်း မိုးလေဝသဌာနက ပြောဆိုသည်။ ရှာဖွေကယ်ဆယ်ရေးအတွက် ရေငုပ်သမားများအပါအဝင် ကယ်ဆယ်ရေးသမားများ အားထုတ်ကြိုးပမ်းခဲ့ကြသည်။ အမျိုးသားသယ်ယူပို့ဆောင်မှုလုံခြုံရေးဘုတ်အဖွဲ့က ဇူလိုင် ၂၀ ရက်၌ စုံစမ်းစစ်ဆေးမှုများ စတင်မည်ဟု ပြောဆိုသည်။

အပျော်စီး ဘဲလှေများပိုင်ဆိုင်သည် ရစ်ပလေလုပ်ငန်းက ကယ်ဆယ်ရေးအတွက် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကုမ္ပဏီ၏နှစ် ၄၀ ကျော်သက်တမ်းတလျှောက် ပထမဆုံး ဝမ်းနည်းဖွယ် မတော်တဆမှု ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဘရန်ဆန်မြို့သည် ကင်းဆက်စီးတီးအရှေ့တောင်ဘက် မိုင် ၂၀ဝ အကွာတွင် တည်ရှိသည် အားလပ်ရက် အပန်းဖြေဒေသတစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်ကလည်း ဆီယဲ့တဲလ်တွင် ဘဲလှေတစ်စီးနှင့် ဘတ်စ်ကားတိုက်မိ၍ ငါးဦးသေဆုံးခဲ့သည်။ ၁၉၉၉ ကလည်း အာကန်ဆောတွင် ဘဲလှေတစ်စီး နစ်မြုပ်၍ ၁၃ ဦးသေဆုံးခဲ့သည်။