ပြင်သစ်သမ္မတ၏လုံခြုံရေးအကြီးအကဲ ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်ခဲ့သည့်ဗွီဒီယို ထွက်ပေါ်လာ၍ စုံစမ်းစစ်ဆေးခံရ

ပြင်သစ်သမ္မတ၏လုံခြုံရေးအကြီးအကဲ ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်ခဲ့သည့်ဗွီဒီယို ထွက်ပေါ်လာ၍ စုံစမ်းစစ်ဆေးခံရ

ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်၏ လုံခြုံရေးလက်ထောက်ဖြစ်သူတစ်ဦးသည် လုံထိန်းရဲခေါင်းစွပ်စွပ်ထားပြီး ဆန္ဒပြကျောင်းသားတစ်ဦးအား ရိုက်နှက်နေသည့်ဗွီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာ၍ အစိုးရရှေ့နေများက ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

မေ ၁ ရက် မေဒေးချီတက်ပွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မာခရွန်၏လက်ထောက် အဲလက်ဇန္ဒာ ဘဲနာလာသည် အရပ်ဝတ်နှင့် လုံထိန်းရဲခေါင်းစွပ်စွပ်လျက် အခြားလုံထိန်းရဲများဝန်းရံပြီး ဆန္ဒပြသူများထဲမှ အမျိုးသမီးတစ်ဦးကို အကြမ်းကြမ်းတမ်းတမ်း ဆွဲသကဲ့သို့ ဆန္ဒပြလူငယ်တစ်ဦးကိုလည်း ၄င်းတောင်းပန်နေသည့်ကြားမှ ထပ်တလဲလဲ ရိုက်နှက်နေပုံအား ဗီဒီယိုတွင် မြင်တွေ့ကြရသည်။

ယင်းဖြစ်ရပ်ကို ကျောင်းသားတစ်ဦးက ဗွီဒီယိုရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ပေါ်ဖြန့်ဝေခဲ့သည့်နောက် လာမွန်ဒေးသတင်းစာက အရပ်ဝတ်ဖြင့် ရိုက်နှက်သူသည် အလက်ဇန္ဒာ ဘဲနာလာဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ရန် အမိန့်ပေးထားပြီးဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂါရက်ဒ်ကိုလုမ်က ပြောဆိုခဲ့သည်။

ဘနာလာ၏ အဓိကတာဝန်မှာ သမ္မတနှင့် ချိန်းဆိုမှုအစီအစဉ်များအတွက် လုံခြုံရေးစီစဉ်ပေးရခြင်းဖြစ်သည်။ ၄င်းသည် သမ္မတ မာခရွန်၏လက်ထောက်ဖြစ်မလာမီတွင် မာခရွန်၏ ၂၀၁၇ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့တွင်လည်း လုံခြုံရေးအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၄င်းသည် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး ယခင်ကတည်းက ပြင်သစ်နိုင်ငံရေးသမားအချို့၏ လုံခြုံရေးအတွက် တာဝန်ရှိခဲ့ဖူးသူဖြစ်သည်။ ဖြစ်ရပ်အတွက် ၄င်းမနှုတ်ထွက်သည့်အတွက် အံ့သြမိကြောင်း၊ သမ္မတအနေဖြင့်လည်း ၄င်းကိုဖယ်ရှားသင့်ကြောင်း ကွန်ဆာဗေးတစ်အမတ်ခေါင်းဆောင်က ပြောဆိုသည်။