အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆောင်းဦးကာလတွင် အမေရိကန် ပြည်ထာင်စုသို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ဆာရာဆန်းဒါးစ်က ပြောဆိုခဲ့သည်။
စောစောပိုင်းကမူ ထရမ့်သည် ပူတင့်ကိုရည်ညွန်းပြီး အမေရိကန်ပြည်သူများအား ရုရှားတစ်ဦးက မေးခွန်းထုတ်ခွင့် မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် စွက်ဖက်ခဲ့သည်ဆိုကာ ရုရှားထောက်လှမ်းရေး ၁၂ ဦးကို အမေရိကန်တရားရေးဌာနက စွဲချက်တင်ထားသည်ကို ပူတင်က အမေရိကန်ပြည်သူများအား ပြန်လည် မေးခွန်းထုတ်လိုကြောင်း ပြောဆိုခဲ့သည်။
ထရမ့်နှင့်ပူတင်တို့သည် ဖင်လန်တွင် ဇူလိုင် ၁၆ ရက်က တွေ့ဆုံခဲ့သော်လည်း ၄င်းတို့ဆွေးနွေးမှု အသေးစိတ်နှင့်ပတ်သက်၍ အနည်းငယ်သာ ထွက်ပေါ်လာသေးသည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အပေါ် ရုရှားဘက်က ချက်ချင်းမတုံ့ပြန်သေးပေ။ ဖင်လန်တွေ့ဆုံပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပြောဆိုခဲ့ပုံနှင့်ပတ်သက်၍ ပူတင့်ဘက်လိုက်ခဲ့ကြောင်း အငြင်းပွားဖွယ်များ ဖြစ်ခဲ့ပြီးနောက် ထရမ့်က စကားမှားပြောခဲ့မိကြောင်း ပြောဆိုသည်။ သို့သော် ဇူလိုင် ၁၉ ရက်၌မူ ထရမ့်က တွေ့ဆုံမှုသည် ကြီးမားသည့်အောင်မြင်မှုရရှိခဲ့ကြောင်းနှင့် နောက်ထပ်တွေ့ဆုံဆွေးနွေးရန် ရှေးရှုကြောင်း ပြောဆိုသည်။
အိမ်ဖြူတော်၏ကြေညာချက်ကြောင့် အံ့သြမိကြောင်း အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူး ဒန်ကုတ်စ်က ပြောဆိုသည်။ ဖင်လန်တွင် နှစ်နာရီကြာ တွေ့ဆုံခဲ့စဉ် မည်သည့်အရာများ ဆွေးနွေးခဲ့ကြောင်း မိမိတို့မသိရသေးကြောင်း၊ နောက်ထပ် အမေရိကန်တွင်ဖြစ်စေ ရုရှားတွင်ဖြစ်စေ သမ္မတထရမ့်နှင့် သမ္မတပူတင်မတွေ့ဆုံသင့်သေးကြောင်း ဆီးနိတ်လွှတ်တော်မှ ဒီမိုကရက်တစ်ခေါင်းဆောင် ချပ်ရှူးမားက ပြောဆိုသည်။
ရုရှားသည် သမ္မတအိုဘားမားလက်ထက်က အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ဖြစ်ခဲ့ပြီး ပူတင်အား ပြင်းထန်စွာ ဝေဖန်ခဲ့သူတစ်ဦးဖြစ်သည့် မိုက်ကယ် မက်ဖောလ်နှင့် တွေ့ဆုံမေးမြန်းလိုကြောင်းလည်း ပြောဆိုခဲ့သည်။ ယင်းသို့တွေ့ဆုံခွင့်ပြုပါက သံတမန်အသိုင်းအဝိုင်းနှင့် ဥပဒေကြောင်းအရ ကာလကြာရှည်တည်ရှိခဲ့သည့် အစဉ်အလာ ကျိုးပေါက်လိမ့်မည်ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

















