တွံတေးမြို့နယ်တွင် မြေယာဝယ်ယူအပေါင်ခံသူကို ပွဲစားဖြစ်သူက ပြစ်ချက်ဟောင်းရှိသူများကို ငှားရမ်း သတ်ဖြတ်ခိုင်းခဲ့သည်ဆိုမှု ကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဇူလိုင် ၂၀ ရက်နေ့တွင် သ တင်း ထုတ်ပြန်သည်။ ဇူလိုင် ၁၇ ရက်နေ့ ညနေ့ ၄နာရီခွဲအချိန်ခန့်တွင် အလုံမြို့နယ်နေ ဦးစန်းဝင်းက သက်ဆိုင်ရာသို့ တိုင်ကြား ရာတွင် ၄င်းညနေ ၄ နာရီခွဲအချိန်ခန့်က ၄င်းဖွင့်လှစ်ထားသည့် လယ်ယာသုံးစက်ပစ္စည်းအရောင်း ဝယ်ရေးကုမ္ပဏီတွင်ရှိနေစဉ် လမ်းမတော်မြို့နယ်နေ ညီမဖြစ်သူက ခင်ပွန်းဦးခင်မောင်ထွေး (၅၉ နှစ်) ရောက်လာသေးကြောင်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သည်။
ထို့နောက်ယောက်ဖဖြစ်သူသွားလာတက်သည့်နေရာများကို လှိုင်သာယာမြို့နယ်နေ စက်တာဝန်ခံ ကိုကြည်လွင် ကိုလိုက်လံရှာဖွေရန် စေခိုင်းခဲ့သည်။ လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့များသို့ ဦးခင် မောင်ထွေးသွားလာတက်သည့် နေရာများကို စုံစမ်းခဲ့ရာ ည ၈ နာရီ ၅၀ အချိန်ခန့်တွင် ဦးခင်မောင်ထွေးမောင်းနှင်သည့် ကားကို တွံတေး-လှိုင်သာယာ ကားလမ်းဘေး ၁၆ မိုင် ၅ ဖာလုံ၌ တွေ့ရှိခဲ့ပြီး ဦးခင်မောင်ထွေးမှာ လည်း လည်ပင်းထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ခလောက်ချိုက်နယ်မြေရဲစခန်းက (ပ)၈၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
လူသတ်မှုနှင့်ပတ်သက်၍ အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်အနီး တယ်လီဖုန်း(၁)လုံး၊ ငွေကျပ်(၅) သိန်းကျော်နှင့် အခြားသက်သေခံပစ္စည်းများ သိမ်းဆည်းခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် သတင်းအချက်အလက်များ ထောက်လှမ်းရယူခဲ့သည်။ စုံစမ်းချက်များအရ ဇူလိုင် ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အမှုဖြင့် မသင်္ကာသူ မောင်မောင်အေး(ခ)မောင်အေးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၄င်းကိုစစ်ဆေးချက်အရ သေဆုံးသူမှာ လယ်ယာမြေများဝယ်ခြင်း၊ အပေါင်ခံခြင်း၊ သီးစားချ ထားခြင်း လုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ ၎င်းမှ ပွဲစားအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပျိုတိုး(ခ)မျိုးလွင် နှင့်အတူ လယ်ယာမြေများ ရောင်းဝယ်ရာတွင် သေဆုံးသူထံမှ ငွေများပိုမိုယူထားခြင်း၊ တွံတေးမြို့ နယ်ရှိ လယ်ပိုင်ရှင်များထံမှ လယ်မြေများကို အပေါင်ခံထားပြီး ရရှိသော အတိုးများကို ဦးခင်မောင်ထွေးထံမပေးဘဲသုံးစွဲထားခြင်း၊လယ်ပိုင်ရှင်များထံမှပုံစံ(၇)များ ရယူ၍ ဦးခင်မောင်ထွေးထံ ပေါင်နှံထားရာမှ ပြန်လည်မရွေးနိုင်ခြင်းတို့ကြောင့် ဦးခင်မောင်ထွေးကို သတ်ဖြတ်ရန် ပျိုတိုး(ခ) မျိုးလွင်နှင့် တိုင်ပင်ခဲ့ကြောင်း ဆိုသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်ပေးရန်အတွက် ကြည့်မြင်တိုင်မြို့နယ်၊ စက္ကလေးရပ်ကွက်၊ စက်ဆန်းအုပ်စုနေ အောင်အောင်(ခ)ဘကြီးအောင်၏ အဆက်အသွယ်ဖြင့် တိုးအောင်(ခ)အသေးလေးအား ငွေကျပ်သိန်း (၁၅၀)ဖြင့် ငှားရမ်းခဲ့ကြောင်း ပေါ်ပေါက်ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပျိုးတိုး(ခ)မျိုးလွင်(၄၆)နှစ်ကို ဇူလိုင် ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်တွင်လည်းကောင်း၊ အောင်အောင်(ခ)ဘကြီးအောင်(၅၂)နှစ်ကို ယင်းနေ့ နံနက် ၆နာရီအချိန်တွင်လည်းကောင်း၊ တိုးအောင်(ခ)အသေးလေး(၄၈)နှစ်ကို နံနက်၉ နာရီခွဲ အချိန်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
၄င်းတို့ကို စုံစမ်းစစ်ဆေးချက်များအရ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၁၁ အချိန် တွင် ဦးခင်မောင်ထွေးမှ ၄င်းအပေါင်ခံထားသည့် လယ်မြေများကို အမည်ပေါက်ပြောင်းလဲပေးရန်လာခဲ့မည်ဖြစ်ကြောင်း၊ မောင် မောင်အေး(ခ)မောင်အေးကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ဦးခင်မောင်ထွေး လာရောက်မည်ကိုသိရှိသဖြင့် မောင်မောင်အေး(ခ)မောင်အေး၊ ပျိုတိုး(ခ) မျိုးလွင်နှင့် တိုးအောင်(ခ)အသေးလေးတို့မှ တွံတေး-လှိုင်သာယာလမ်းမကြီး၊ အထက်တမာတကော ကျေးရွာအနီးရှိ တိုးဂိတ်တွင် စောင့်ဆိုင်းနေကာဦးခင်မောင်ထွေး ရောက်ရှိလာသဖြင့် တိုးအောင် (ခ)အသေးလေးကို မြေစာရင်းဝန်ထမ်းဟုပြောဆိုပြီး ကားပေါ်တင်ပေးခဲ့ကြောင်း၊ ဦးခင်မောင် ထွေးမှ တိုးအောင်(ခ)အသေးလေးနှင့်အတူကားမောင်း ထွက်သွားခဲ့ပြီး၊ မောင်မောင်အေး(ခ)မောင်အေးမှ ဆိုင်ကယ်ဖြင့် နောက်မှလိုက်ခဲ့ကြောင်း၊ ၁၆ မိုင် ၅ဖာလုံ အရောက်တွင် တိုးအောင်(ခ)အသေးလေး မှ ကားရပ်ခိုင်းကာ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်းဆိုသည်။
ဦးခင်မောင်ထွေး ကိုင်ဆောင်သည့် တယ်လီဖုန်းနှင့် ကားသော့တို့ကိုယူပြီး မောင်မောင်အေး (ခ) မောင်အေးအားပေးခဲ့ကြောင်း၊၎င်းတယ်လီဖုန်းနှင့်ကားသော့ကို ခနောင်တိုချောင်းအတွင်း လွှင့်ပစ်ခဲ့ ကြောင်း ပေါ်ပေါက်ခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓားဦးချွန်(၁)ချောင်းနှင့် အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့ သော အဝတ်အထည်များကို တိုးအောင်(ခ)အသေးလေးထံမှ သက်ဆိုင်ရာက သိမ်းဆည်းရရှိခဲ့သည့်အပြင် ဆက်သွယ် အသုံးပြုသည့် တယ်လီဖုန်း(၄)လုံးနှင့်လုပ်ကြံရန်အတွက် စရံပေးထားသည့် ငွေကျပ် (၁၁)သိန်းအနက်ငွေကျပ်(၆)သိန်းတို့ကိုဆက်လက်သိမ်းဆည်းခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်အောင်(ခ)ဘကြီးအောင်မှာ ၁၉၈၆ ခုနှစ်က ဆိပ်ကမ်းမြို့နယ် အတွင်း လုယက်မှုဖြင့် ထောင်(၃)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ဘုရင့်နောင်မြစ်ကူးတံတား အောက်တွင် သင်္ဘော(၁)စီးကိုလုယက်မှုအပါအဝင်အခြားအမှု(၃)မှုဖြင့်ထောင်(၁၅)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၃ ခုနှစ်တွင် နေပြည်တော်၊ ကင်းသာရဲဘက်စခန်းမှ ပြန်လည်လွတ်မြောက်လာသူ ဖြစ် ကြောင်း၊ တရားခံ တိုးအောင်(ခ)အသေးလေးမှာ ၂၀ဝ၂ ခုနှစ်တွင် တာမွေ၊ လှိုင်၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်များတွင် ခိုးမှု(၁၁)မှုဖြင့် ထောင်ဒဏ်(၃၇)နှစ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူရာ ဘာထုတ်လုပ်ရေးစခန်းမှ ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအရသိရပြီး ရဲတပ်ဖွဲ့မှ ဆက်လက်အရေးယူဆောင်ရွက်ထားသည်။



















