ကမ္ဘာတစ်ဝန်း အိပ်ချ်အိုင်ဗွီ တိုက်ဖျက်ရေးလုပ်ငန်းများတွင် လက်ရှိအောင်မြင်မှုအပေါ် တင်းတိမ်ကျေနပ်နေကြကာ ဖိဖိစီးစီး လုပ်ကိုင်လိုစိတ်များ လျော့ကျလာကြခြင်းကြောင့် အိပ်ချ်အိုင်ဗွီ တဖန်ခေါင်းထောင်လာမည့်အန္တရာယ်ရှိနေကြောင်း နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်က သတိပေးလိုက်သည်။
အောင်မြင်မှုအပေါ် သာယာနေကြမှု သက်သေခံအဖြစ် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ရန်ပုံငွေ ရရှိမှုများ ကျဆင်းကာ အိပ်ချ်အိုင်ဗွီထိန်းချုပ်ရေး လုပ်ငန်းများ ထိခိုက်လာရကြောင်းဖြင့် The Lancet ကျန်းမာရေးဂျာနယ်တွင် ဖော်ပြထားသော အစီရင်ခံစာက ဆိုသည်။ လက်ရှိအတိုင်းသာ ဆက်သွားနေပါက ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး အိပ်ချ်အိုင်ဗွီ အဆုံးသတ်ရေး ရည်မှန်းချက် ပြည့်မီရန် မလွယ်ကူကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ ကမ္ဘာတစ်ဝန်း အိပ်ချ်အိုင်ဗွီကူးစက်ခံထားရသူ ၃၇ သန်း ရှိနေပြီး နှစ်စဉ် အသစ်ကူးစက်ခံရသူကလည်း ၁ ဒသမ ၈ သန်းခန့် ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း အိပ်ချ်အိုင်ဗွီ အသစ်ကူးစက်ခံရသူ ပမာဏသည် လျော့သထက် လျော့ကျလာနေသည်ကိုလည်း တွေ့ရသည်။ လျော့ကျနှုန်းသည် အားရစရာမကောင်းသေးကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်နှစ်ကို ကူးစက်သူ ငါးသိန်းအောက် လျော့ကျအောင် ဆောင်ရွက်မည့် UNAids ၏ ရည်မှန်းချက် ပြည့်မီရန် မလွယ်ကူသေးကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
အိပ်ချ်အိုင်ဗွီ ရန်ပုံငွေ ရရှိမှုသည်လည်း အားရစရာ မကောင်းကြောင်း၊ UNAids က မှန်းထားသည့် ပမာဏအောက် ပေါင် ၅ ဒသမ ၄ ဘီလီယံလျော့ကျကာ ပေါင် ၁၄ ဒသမ ၇ ဘီလီယံသာ ရရှိခဲ့ကြောင်းဖြင့် အစီရင်ခံစာက ဖော်ပြသည်။ အစီရင်ခံစာကို Lancet ကော်မရှင်က ထုတ်ပြန်ခြင်းဖြစ်သည်။

















