အက်ဆစ်အပက်ခံခဲ့ရသည့်လိင်ပြောင်းအမျိုးသမီးတစ်ဦး ပါကစ္စတန်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်

အက်ဆစ်အပက်ခံခဲ့ရသည့်လိင်ပြောင်းအမျိုးသမီးတစ်ဦး ပါကစ္စတန်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်

ပါကစ္စတန်၌ လာမည့်အပတ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများတွင် ချစ်သူအမျိုးသားဟောင်းက အက်ဆစ်ဖြင့်တိုက်ခိုက်ခြင်းခံခဲ့ရသည့် နေယက်အလီအပါအဝင် လိင်ပြောင်းအမျိုးသမီးလေးဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

နိုင်ငံရေးအာဏာနှင့် နိုင်ငံရှိ အဖွဲ့အစည်းများတွင်ပါဝင်ခြင်းမရှိဘဲ အခွင့်အရေးရရှိအောင် လုပ်ဆောင်လို့မရနိုင်ကြောင်း နေယက်ကပြောဆိုခဲ့သည်။ ပါကစ္စတန်ရှိ အယူအစွဲကြီးသူများသည် လိင်ပြောင်းများကို ရှောင်ကြည်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ကိုပြုလုပ်ခဲ့သည်။ ဟိုင်ဂျရာသို့မဟုတ် ခါဝါဂျာဆီရဟုသိကြသည့် လိင်ပြောင်းအသိုက်အဝိုင်းသည် ပညာရေး၊ အလုပ်အကိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ အခြေခံအခွင့်အရေးများရရှိရေးအတွက်ပင်  ကြိုးပမ်းနေရသည်။

သို့သော် ပါကစ္စတန်သည် ဒေသတွင်းတွင် လိင်ပြောင်းအခွင့်အရေးနှင့်ပတ်သက်လျှင် ဦးဆောင်နေသည့် နိုင်ငံဖြစ်နေကြောင်း လိင်ပြောင်းအခွင့်အရေးအဖွဲ့ ဂုဏ်သိက္ခာရှေ့ဆောင်အတွက် ဖိုရမ်ကိုတည်ထောင်သူ အူဇ်မာယာကွတ်ကပြောဆိုခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်တွင် ပါကစ္စတန်သည် တတိယလိင်ကို အမျိုးသားမှတ်ပုံတင်ကတ်တွင် တရားဝင်ထည့်သွင်းခွင့်ပြုခဲ့ပြီး ယမန်နှစ်တွင် နိုင်ငံကူးလက်မှတ်တွင် တတိယလိင်ကိုရေးမှတ်ခွင့်ပေးခဲ့သည်။

ယခုနှစ်မေတွင် ပါကစ္စတန်လွှတ်တော်သည် လူဦးရေ ၅၀ဝ၀ဝ၀ ခန့်ရှိသော လိင်ပြောင်းအသိုက်အဝိုင်းအား အခြေခံအခွင့်အရေးပေးရန် အာမခံသည့် ဥပဒေသစ်ကို အတည်ပြုခဲ့သည်။ နေအိမ်မှာထွက်ခွာပြီးနောက်တွင် လိင်ပြောင်းအဖွဲ့အစည်းများသာ အလုံခြုံဆုံးဖြစ်ကြောင်း မိဘဆွေမျိုးများ၏အနိုင်ကျင့်ခံရမှုကြောင့် အသက် ၁၀ နှစ်အရွယ်တွင် နေအိမ်မှ ထွက်ပြေးခဲ့သည့် လိင်ပြောင်းအမျိုးသမီး မာရီယာခန်းကပြောဆိုခဲ့သည်။ ယနေ့ခေတ်တွင် လိင်ပြောင်းအမျိုးသမီးများ သတ်ဖြတ်ခံနေရပြီဖြစ်ကြောင်း နာယက်ကပြောဆိုခဲ့သည်။

အယူအစွဲကြီးမားသော နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာပထန်ခွာခရိုင်၌ လွန်ခဲ့သော သုံးနှစ်အတွင်း လိင်ပြောင်းအမျိုးသမီး ၆၀ ခန့်သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်း ဒေသခံလှုပ်ရှားသူများကပြောဆိုခဲ့သည်။ မန်ဆာရာမြို့မှ မာရီယာသည် ခိုင်ဘာပထန်ခွာခရိုင်လွှတ်တော်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခင်နိုင်ငံရေးသမားများသည် ဒေသခံများအတွက် တစ်စုံတရာလုပ်ဆောင်ပေးခြင်းမရှိခဲ့ကြောင်း မာရီယာကပြောဆိုခဲ့သည်။ ဒေသခံများက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက် ငွေကြေးလှူဒါန်းမှုများကိုပင်ပြုလုပ်ခဲ့ကြောင်း မာရီယာကပြောဆိုခဲ့သည်။

နာဒင်းကာရှီရှ်သည်လည်း ပါကစ္စတန်ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် နာမည်ကျော်နှစ်ဦးနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နာဒင်း၏ပြိုင်ဘက်နှစ်ဦးမှာ ခရစ်ကတ်အားကစားသမားဘဝမှ နိုင်ငံရေးသမားဖြစ်လာသည့် အမ်ရန်ခန်းနှင့် မကြာမီတွင် သက်တမ်းကုန်ဆုံးမည့် အစိုးရအဖွဲ့၏ဝန်ကြီးချုပ် ရှာဟစ်ခါကန်အဘ္ဘာစီတို့ဖြစ်သည်။

ပါကစ္စတန်ရှိမည်သည့် နိုင်ငံရေးပါတီကမျှ လိင်ပြောင်းများအခွင့်အရေးအတွက် လုပ်ဆောင်လိုခြင်းမရှိကြကြောင်း နာဒင်းကပြောဆိုခဲ့သည်။ ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသူတစ်ဦးလျှင် ရူပီး ၃၀ဝ၀ဝ( ၂၄၅ ဒေါ်လာ) နှင့် ခရိုင်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသူတစ်ဦးလျှင် ရူပီး ၂၀ဝ၀ဝ ကောက်ခံနေသည်။ လိင်ပြောင်းကိုယ်စားလှယ်လောင်းရှစ်ဦးခန့်သည် မှတ်ပုံတင်ကြေးမပေးနိုင်သောကြောင့် ရွေးကောက်ပွဲမှနုတ်ထွက်ခဲ့ရပြီးဖြစ်သည်။