ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန် အုပ်ချုပ်ရေးပိုင်း လစ်ဟာမှုများဖြင့် ထောင်ဒဏ်ထပ်မံကျခံရ

ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန် အုပ်ချုပ်ရေးပိုင်း လစ်ဟာမှုများဖြင့် ထောင်ဒဏ်ထပ်မံကျခံရ

ဟောင်ကောင် အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်ဆန်သည် အုပ်ချုပ်ရေးပိုင်း လစ်ဟာမှု စွဲချက်များအတွက်အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် ထောင်ထဲသို့ တဖန်ပြန်သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ဆန်သည် ဟောင်ကောင်ကို ၂၀ဝ၅ မှ ၂၀၁၂ ခုနှစ်ထိ ဦးဆောင်ခဲ့ပြီး လက်ရှိတွင် အာမခံဖြင့် နေထိုင်လျက်ရှိသည်။ တာဝန်ထမ်းဆောင်စဉ်အတွင်း အုပ်ချုပ်ရေးပိုင်း လစ်ဟာမှုများအတွက် ကနဦးချမှတ်ထားသည့် ထောင်ဒဏ် လ ၂၀ အစား ၁၂ လသို့ တရားရုံးက ပြောင်းလဲချမှတ်လိုက်သည်။ အုပ်ချုပ်ရေးပိုင်းတွင် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းမှုဖြင့် နာမည်ကောင်းထွက်သော ဟောင်ကောင်တွင် ဆန်သည် အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေးပိုင်း လစ်ဟာမှုများဖြင့် အရေးယူခံရသည့် အဆင့်အမြင့်ဆုံးအစိုးရတာဝန်ရှိသူလည်း ဖြစ်သည်။ တရုတ်တွင် တန်ဖိုးကြီး ဇိမ်ခံတိုက်ခန်းတစ်ခန်း ငှားရမ်းမှုကို တရားဝင်တင်ပြရန် ပျက်ကွက်မှုဖြင့် အရေးယူခံရခြင်းဖြစ်သည်။

အစိုးရလုပ်ငန်းအဆင့်ဆင့်တွင် အတွေ့အကြုံများစွာ ရှိထားသူတစ်ဦးအနေဖြင့် တရုတ်တွင် တန်ဖိုးကြီး ဇိမ်ခံတိုက်ခန်း ငှားရမ်းထားမှုကို တရားဝင်တင်ပြရန် ပျက်ကွက်မှုသည် သာမန်ကာလျှံကာ ပေါ့လျော့မှုဟု မသတ်မှတ်ကြောင်း တရားရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆန်၏ ရှေ့နေကမူ ယခုနောက်ဆုံး ထောင်ဒဏ်ချမှတ်မှုအပေါ် အယူခံထပ်ဝင်သွားမည်ဟု ပြောသည်။

ဆန်၏ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာလအတွင်း ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုအတွက် ၂၀၁၇ ခုနှစ်တွင် အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက်ချခဲ့သည်။ ဆန်သည် တရုတ်အခြေစိုက် ရုပ်သံလုပ်ငန်းရှယ်ယာရှင်တစ်ဦးထံမှ တန်ဖိုးကြီး ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ငှားရမ်းအသုံးပြုခဲ့ပြီး၊ ထိုသူသည် ဟောင်ကောင်တွင် ရုပ်သံလုပ်ငန်းလိုင်စင်ကိုလည်း ဆန်၏ ခွင့်ပြုချက်ဖြင့် ရရှိထားသူဖြစ်သည်။ တိုက်ခန်းအတွင်းပိုင်း အလှဆင်မှုကိုလည်း ဆန်သည် ပိုက်ဆံပေးစရာမလိုဘဲ အခမဲ့ ဝန်ဆောင်မှုရရှိခဲ့သလို၊ နောက်ပိုင်းတွင် တိုက်ခန်းအလှဆင်ပေးသူ ဒီဇိုင်နာကိုလည်း ဒီဇိုင်းဆုအတွက် ဆန်က ထောက်ခံပေးခဲ့သေးကြောင်း တရားရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။