အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ် ၂၄ နှစ်ကျခံနေရသည့် တောင်ကိုရီးယားသမ္မတဟောင်းပါ့ခ်ဂွမ်ဟေးအား နိုင်ငံပိုင်ငွေအလွဲသုံးစားမှု၊ ရွေးကောက်ပွဲဥပဒေများချိုးဖောက်မှုတို့ဖြင့် နောက်ထပ် ထောင်ဒဏ်ရှစ်နှစ်ကို တောင်ကိုရီးယားတရားရုံးတစ်ရုံးက ဇူလိုင် ၂၀ ရက်တွင် ချမှတ်လိုက်ပြီဖြစ်သည်။
ပါ့ခ်သည် နှစ်ပေါင်း ၃၀ ကျော် ထောင်ဒဏ်ကျခံရနိုင်ခြေရှိနေသည်။ ပါ့ခ်သည် ယမန်နှစ်တွင် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ ပါ့ခ်သည် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း အမျိုးသားထောက်လှမ်းရေးဌာနအကြီးအကဲများထံမှ ဝမ် ၃ ဘီလီယံ( ဒေါ်လာ ၂ ဒသမ ၆ သန်း) ကို တရားမဝင်လက်ခံခဲ့မှုကြောင့် နိုင်ငံပိုင်ငွေများစွာဆုံးရှုံးခဲ့ရကြောင်း ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဇူလိုင် ၂၀ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် ငွေကြေးလွှဲပြောင်းမှုများနှင့်ဆက်စပ်သော ခြစားမှုများကိုမူ ပါ့ခ်က ကျူးလွန်ခြင်းမရှိခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထောက်လှမ်းရေးဌာနအကြီးအကဲများသည် ငွေပေးပြီး နိုင်ငံရေးအရ မျက်နှာသာပေးရန်တောင်းဆိုခြင်းရှိမရှိကိုမူမသိနိုင်သေးကြောင်း တရားရုံးကပြောဆိုခဲ့သည်။
၂၀၁၆ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲများမတိုင်မီတွင် ပါ့ခ်သည် ၎င်း၏ပါတီ၏ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ရွေးကောက်ပွဲဥပဒေများကိုချိုးဖောက်ခဲ့သောကြောင့် ၎င်းအပေါ် ထောင်ဒဏ်နှစ်နှစ်ချမှတ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ပါ့ခ်သည် တရားရုံးသို့လာရောက်ခြင်းမရှိခဲ့ချေ။
ပါ့ခ်ကျခံရမည့် ထောင်ဒဏ်သည် ၃၂ နှစ်ဖြစ်သော်လည်း အယူခံတရားရုံးများ၏ဆုံးဖြတ်ချက်များအပေါ်မူတည်ပြီး ယင်းထက်လည်း ထောင်သက်ပိုရှည်သွားနိုင်သည်။ ပါ့ခ်အား လာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ထားခြင်းကို ဥပဒေအရာရှိများက အယူခံဝင်ထားပြီး နှစ် ၃၀ ချမှတ်ပေးရန် တောင်းဆိုထားသည်။ ယင်းနှင့်ပတ်သက်၍ ဆိုးလ်အထက်ရုံးသည် သြဂုတ် ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သည်။
နိုင်ငံသားသန်းပေါင်းများစွာက ချီတက်ဆန္ဒပြခဲ့ပြီးနောက် တောင်ကိုရီးယားဥပဒေပြုအမတ်များသည် ပါ့ခ်အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် စွပ်စွဲပြစ်တင်ခဲ့သည်။ ယမန်နှစ်မတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပါ့ခ်အား ရာထူးမှတရားဝင်ဖယ်ရှားခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ၎င်းအဖမ်းခံခဲ့ရသည်။

















