ထမ့်လွမ်ဂူတွင်းပိတ်မိပြီးနောက် စွန့်လွှတ်စွန့်စားကယ်တင်ခြင်းခံခဲ့ရသည့် ထိုင်းကျောင်းသားငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြတို့အကြောင်း ရုပ်ရှင်ရိုက်ကူးမှုကို ထိန်းချုပ်လိုကြောင်း ထိုင်းစစ်အစိုးရကပြောဆိုလိုက်ပြီဖြစ်သည်။
ကျောင်းသား ၁၂ ဦးနှင့် နည်းပြတို့အား ထိုင်းရေတပ်အထူးတပ်ဖွဲ့၊ အမေရိကန်နှင့် ဗြိတိန်ရေငုပ်သမားများက ဝိုင်းဝန်းကယ်ဆယ်ခဲ့ပုံကို ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားခဲ့သည်။ နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်သူများကလည်း ရုပ်ရှင်ရိုက်ကူးရန် စိတ်ဝင်စားကြောင်း ကယ်ဆယ်မှုမပြီးစီးမီမှာပင် ပြောဆိုခဲ့သည်။
ဂူတွင်း ရက်သတ္တပတ်သုံးပတ်နီးပါး ပိတ်မိနေခဲ့ပြီးနောက် ကယ်ဆယ်ခံခဲ့ရသည့် ကျောင်းသားငယ်များနှင့် နည်းပြတို့အကြောင်း ရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်နှင့် ဗီဒီယိုများ ထုတ်လုပ်ခြင်းကို ကြီးကြပ်ရန် အထူးကော်မတီတစ်ခုကို ဖွဲ့စည်းသင့်ကြောင်း လာမည့်အပတ်တွင်ပြုလုပ်မည့် ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အဆိုပြုမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဝီရရိုဇပိုချာနာရတ်ကပြောဆိုခဲ့သည်။
ထိ်ုင်းအစိုးရလက်အောက်ရှိ ထိုင်းရုပ်ရှင်ကြီးကြပ်ရေးရုံးသည် ထိုင်းနိုင်ငံ၌ နိုင်ငံခြားကုမ္ပဏီများ ရိုက်ကူးသည့် ရုပ်ရှင်များကို စည်းကြပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ကယ်ဆယ်ခံကျောင်းသားငယ်များနှင့် မိသားစုများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုကာကွယ်ရန်အတွက် အကြောင်းအရာနှင့် လိုင်စင်ဆိုင်ရာကိစ္စရပ်များကို ကြီးကြပ်မည်ဖြစ်ကြောင်း ဝီရကပြောဆိုခဲ့သည်။
ကျောင်းသားငယ်များကို ကယ်တင်ခဲ့ရသည့် ဂူကို ပြတိုက်အဖြစ်ပြောင်းလဲမည်ဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအရာရှိများကပြောဆိုခဲ့သည်။ ထို့ပြင် ကယ်ဆယ်ရေးလုပ်ဆောင်မှုကို ရုပ်ရှင်အဖြစ် အသက်သွင်းရန် ကုမ္ပဏီနှစ်ခုက နည်းလမ်းရှာဖွေနေပြီဖြစ်သည်။ ထမ့်လွမ်ဂူသည် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်မှုကို ပြသမည့် ပြတိုက်တစ်ခုဖြစ်လာမည်ဖြစ်ပြီး ခရီးသွားများကို စွဲဆောင်မည့်နေရာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ချင်းရိုင်ခရိုင်ယာယီအုပ်ချုပ်ရေးမှူးဖြစ်သလို ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သည့် နာရွန်ဆက်အော်ဆော့တာနာခွန်းကပြောဆိုခဲ့သည်။
သို့သော် ခရီးသွားများလုံခြုံရေးအတွက် ဂူတွင်းနှင့်ဂူပြင်တို့တွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက သတိပေးပြောဆိုခဲ့သည်။ ယောကျာ်းလေးများနှင့် နည်းပြတို့ကို အပြင်သို့ကယ်မထုတ်နိုင်မီမှာပင် အမေရိကန်ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်သည့် Pure Flix သည် ရုပ်ရှင်အတွက် ကယ်ဆယ်ရေးသမားများကို တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။
လော့စ်အန်ဂျလိစ်အခြေစိုက် Ivanhoe Pictures ရုပ်ရှင်လုပ်ငန်းကလည်း ရုပ်ရှင်ရိုက်ကူးရန် ၎င်းတို့အား ထိုင်းအစိုးရနှင့် ရေတပ်တို့က တာဝန်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အမေရိကန်ရုပ်ရှင်လုပ်ငန်းများက ရိုက်ကူးမည်ဖြစ်သောကြောင့် နိုင်ငံတကာကိုဦးစားပေးပြီး ထိုင်းနိုင်ငံသားကယ်ဆယ်ရေးသမားများ၏ကြိုးပမ်းမှုကို လျှော့ပေါ့ဖော်ပြမည်ကို စိုးရိမ်မှုများရှိနေသည်။

















