နိုင်ငံတကာခေတ်သစ်ကျေးကျွန်အစီရင်ခံစာ ထွက်လာ မြောက်ကိုရီးယားနှင့် အာဏာရှင်အစိုးရများကို အဓိကအပြစ်တင်

နိုင်ငံတကာခေတ်သစ်ကျေးကျွန်အစီရင်ခံစာ ထွက်လာ မြောက်ကိုရီးယားနှင့် အာဏာရှင်အစိုးရများကို အဓိကအပြစ်တင်

ခေတ်သစ်ကျေးကျွန်စနစ်သည် မြောက်ကိုရီးယားနှင့် အခြားသော  အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေသည့် နိုင်ငံများတွင် ဆက်လက်အားကောင်းနေဆဲဖြစ်ကြောင်း၊ ခေတ်သစ်ကျေးကျွန်စနစ်  အားကောင်းနေရမှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည်လည်း အပြစ်မကင်းကြောင်း၊ ထိုနိုင်ငံကြီးများသည် ခေတ်သစ်ကျေးကျွန်စနစ် အားကောင်းနေသည့် နိုင်ငံများက ထုတ်လုပ်သည့် ဒေါ်လာ ၃၅၀ ဘီလီယံဖိုးခန့် ကုန်စည်များကို ဝယ်ယူတင်သွင်းခြင်းဖြင့် ကျေးကျွန်စနစ်ကို အားပေးခဲ့ကြကြောင်းဖြင့် အစိရင်ခံစာသစ်တစ်ရပ်က ဖော်ပြလိုက်သည်။

နိုင်ငံတကာခေတ်သစ်ကျေးကျွန် အစီရင်ခံစာက ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း လူ ၄၀ ဒသမ ၃ သန်းခန့်သည် ပုံစံတစ်မျိုးမျိုးဖြင့် ခေတ်သစ်ကျေးကျွန်ဖြစ်လျက်ရှိပြီး၊ မြောက်ကိုရီးယားသည် အဆိုးဆုံးဖြစ်ကာ နိုင်ငံသား ၁၀ ဦးတွင် ၁ ဦးသည် ခေတ်သစ်ကျေးကျွန်ဖြစ်လျက်ရှိကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာကို ဩစတြေးလျ ဘီလီယံနာ အန်ဒရူး ဖောရက် ထူထောင်ထားသည့် ခေတ်သစ်ကျေးကျွန်တိုက်ဖျက်ရေးအဖွဲ့ Walk Free ဖောင်ဒေးရှင်းက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အစီရင်ခံစာ၏ ရည်မှန်းချက်မှာ အစိုးရများ၊ လုပ်ငန်းရှင်များအနေဖြင့် ခေတ်သစ်ကျေးကျွန်ကျင့်ထုံးများ မသုံးရဲစေရန်အတွက် ဒေတာအချက်အလက်များဖြင့် ဖိအားပေးရန်ဖြစ်ကြောင်း သိရသည်။ ခေတ်သစ်ကျေးကျွန်စနစ်မှ ထွက်လာသည့် ကုန်စည်များသည် လူ့အခွင့်အရေးနှင့်အညီ ထုတ်လုပ်ထားသည့် ကုန်စည်များထက် ဈေးပေါသဖြင့် ကမ္ဘာ့ဈေးကွက်လည်း ပျက်စီးနိုင်ကြောင်းဖြင့် အစီရင်ခံစာက ဖော်ပြသည်။

ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ အကျပ်ကိုင်မှု၊ လုပ်သားအခွင့်အရေး အပြည့်အဝ မရှိသည့် လုပ်ငန်းအခြေအနေများတွင် ခိုင်းစေမှု စသည့်အချက်များသည် ခေတ်သစ်ကျေးကျွန်စနစ်ထဲတွင် ပါဝင်သည်။ ကျောက်မီးသွေး၊ ကိုကိုး၊ ချည်ထည်၊ သစ်၊ ငါးလုပ်ငန်းစသည်တို့သည် ခေတ်သစ်ကျေးကျွန်စနစ် အလွှမ်းမိုးဆုံးကဏ္ဍများ ဖြစ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ မြောက်ကိုရီးယားတွင် ကျောက်မီးသွေးလုပ်ငန်းကဏ္ဍသည် ခေတ်သစ်ကျေးကျွန်စနစ် အဆိုးဆုံးနေရာဖြစ်နိုင်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

အဲရီထရီးယား၊ ဘူရန်ဒီ၊ ဗဟိုအာဖရိက၊ အာဖဂန်နစ္စတန်၊ မော်ရီတေးနီးယား၊ တောင်ဆူဒန်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ အီရန်တို့သည်လည်း ခေတ်သစ်ကျေးကျွန်စနစ် ထွန်းကားသည့် ထိပ်ပိုင်းနိုင်ငံများထဲတွင် ပါဝင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။