ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို အကွက် ရိုက် ရောင်းချခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို ဇူလိုင် ၃၀ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် တရား ရုံး တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်က စည်ပင်သာယာရေးကော် မတီမှစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ပလပ်မြေများကို (၂၅ ပေ× ၅၀ ပေ) မြေကွက်များရိုက်ကာ တရားမဝင်ရောင်းချခဲ့ခြင်းကြောင့် ရပ်ကွက်နေပြည်သူများကကန့်ကွက်ခဲ့သဖြင့် သက်ဆိုင်ရာက တား မြစ်ခဲ့သည်။
ထိုသို့တားမြစ်ခြင်းကြောင့် မြေကွက်ဝယ်ယူထားသူများထံမှရယူထားသည့်ငွေများကိုလည်း ပြန် လည်ပေး အပ်ခြင်းမရှိသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားခဲ့သော အမှုဖြစ် သည်။
ကော်မရှင်ကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ရာ ထောက်ကြန့်တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် ပလပ်မြေ များကို ၄င်း၏သဘောဆန္ဒ အလျောက် ဖော်ထုတ်ရောင်းချ ကြောင်း၊ ငွေကျပ်သိန်း၃၀ဝခန့်ယူဆောင်၍မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ကာမြေကွက်များအမြန်ရရှိရေးဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အရေးယူပေးရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်။
ထောက်ကြန့်နယ်မြေရဲစခန်းက(ပ) ၇၄၁/၁၈ ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အမှုဖွင့်အရေးယူခဲ့ပြီး ဇူလိုင် ၁၆ရက်တွင် မင်္ဂလာဒုံ မြို့နယ်တရားရုံးသို့ တရားရုံးကရာဇဝတ်ကြီးမှုအမှတ် ၈၀၅/၁၈ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့သည်။တရားရုံးက လာမည့် ဇူလိုင် ၃၀ ရက်နေ့တွင် အမှုမှ တရားလိုဖြစ်သူ အမှုစစ်ရဲအရာရှိ စစ်ဆေးရန် ချိန်ဆိုခဲ့ကြောင်းသိရသည်။
















