တရုတ်ပြည်သို့ တင်ပို့ရန် ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်းလိပ် ၉၅ ကောင် ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပြီး ဘန့်ဘွေးလိပ်ကယ်ဆယ်ရေးစခန်းသို့ ပို့အပ်ထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သစ်တောဦးစီးဌာနက ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင် ၁၈ ရက်တွင် လားရှိုးရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ရန်ကုန် - မူဆယ် ထက်ဦး ခရီး သည်တင်မှန်လုံယာဉ်ဖြင့် ကုန်းလိပ် အရှင်/အသေ ၉၅ ကောင်ကို တရုတ်ပြည်သို ့ တရားမဝင် တင်ပို့ရောင်းချရန် သယ်ဆောင်လာစဉ် သိန်းနီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ နှင့် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လိပ်ဝါ ၇၉ ကောင် ၊ ရခိုင်တောင်လိပ် ၁ ကောင် ၊ လိပ်ပုတီး ၈ ကောင် နှင့် လိပ်ပုပ် ၆ ကောင် တို့ကို ဆေးကုသခြင်း၊ ရေဓါတ်ဖြည့်ပေးခြင်း ၊ အားဆေးများထိုး ပေးခြင်း ၊ ပိုးသတ်ဆေးထိုးပေးခြင်း ၊ သံချပေးခြင်းတို့အား IWT team (WCS-Myanmar)မှ မမြသီတာအောင် နှင့် TSA/FD အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ပြီး အဆိုပါလိပ်များကို ဘန် ့ဘွေးလိပ်ကယ်ဆယ်ရေး စခန်းသို ့ အမြန်ဆုံး ပို ့ဆောင်ပေးခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် လိပ်များသယ်ဆောင်လာသူ ၂ ဦးကိုလည်းသစ်တောဥပေဒအရအမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

















