မစ်ဆူရီ၌ အပျော်စီးစက်လှေနစ်မြုပ်မှု သေသူ ၁၇ ဦးရှိ်လာပြီး မိသားစုတစ်စုတည်းမှ ၉ ဦးသေဆုံး

မစ်ဆူရီ၌ အပျော်စီးစက်လှေနစ်မြုပ်မှု သေသူ ၁၇ ဦးရှိ်လာပြီး မိသားစုတစ်စုတည်းမှ ၉ ဦးသေဆုံး

ဘရန်ဆန်    ဇူလိုင် ၂၁
    အမေရိကန်နိုင်ငံ၊ ဘရန်ဆန်မြို့ရှိ မစ်ဆူရီရေကန်အတွင်း ဇူလိုင် ၁၉ ရက်က အပျော်စီးစက်လှေတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် သေဆုံးသူဦးရေမှာ ဇူလိုင် ၂၁ ရက်၌ ၁၇ ဦးအထိ ရှိလာပြီး ယင်းတွင် ၁၁ ဦးပါ မိသားစုတစ်စုတည်းမှ ၉ ဦး သေဆုံးမှုလည်း ပါဝင်ခဲ့သည်။

အသက်ရှင်ကျန်ရစ်သူအမျိုးသမီး တီအာကိုးလ်မန်းက ၄င်း၏မိသားစုဝင် ၉ ဦး ဆုံးရှုံးခဲ့ရသည့် ယင်းဖြစ်ရပ်မတိုင်မီ စက်လှေပေါ်တွင် လှေမောင်းသူက လှိုင်းထန်နေသော်လည်း အသက်ကယ်အင်္ကျ ီဝတ်ရန်မလိုဟု ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ဝမ်းဘဲလှေဟု လူသိများသည့် အပျော်စီးစက်လှေနစ်မြုပ်မှုကြောင့် ကိုးလ်မန်း၏ခင်ပွန်း၊ သားသမီးများ၊ ညီမ၊ ခယ်မ၊ တူမနှင့် ယောက္ခများဆုံးရှုံးခဲ့ရသည်။ စက်လှေမောင်းသူသည် ရေပြင်လုပ်သက် ၁၆ နှစ်ရှိပြီး ၄င်းမှာ အသက်ရှင်လွတ်မြောက်ခဲ့သည်။
    ဒုတိယကမ္ဘာစစ်သုံး ကုန်းရေနှစ်ထွေသွားကမ်းတက်ယာဉ်ကို အခြေပြုတည်ဆောက်ထားသည့် စက်လှေသည် ခရီးသည် ၃၁ ဦး တင်ဆောင်၍ ရေကန်တွင်းခုတ်မောင်းလာစဉ် မိုးကြိုးမုန်တိုင်းသက်ရောက်မှုကြောင့် လေထန်လှိုင်းကြီးစဉ် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်က လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၅၀ မှ ၆၅ မိုင်အထိ တိုက်ခတ်ခဲ့သည်။ ရေငုပ်သမားများဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြသည်။ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် သယ်ယူပို့ဆောင်မှုလုံခြုံရေးဘုတ်အဖွဲ့တို့က အဖြစ်ဆိုးကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
    ဘရန်ဆန်သည် ကင်းဆက်စီးတီးအရှေ့တောင်ဘက် မိုင် ၂၀ဝ ခန့်အကွာတွင် တည်ရှိပြီး ကမ္ဘာလှည့်များနှင့် 
မိသားစုများအတွက် အားလပ်ရပ်အပန်းဖြေရန် ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်သည်။ ဇူလိုင် ၂၁ ရက်တွင် ဘရန်ဆန်
 ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှုရုံးအပြင်ဘက်တွင် လူ ၃၀ဝ ခန့်စုဝေးပြီး သေဆုံးသူများအတွက် 
ဆုတောင်းခဲ့ကြသည်။