ဂါဇာစီးတီး ဇူလိုင် ၂၁
ဂါဇာနယ်စပ်တွင် ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရရှိခဲ့သည့် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် ဂါဇာ ကမ်းမြောင်ရှိ စစ်ရေးပစ်မှတ် ၁၅ ခုကို အစ္စရေးစစ်တပ်က လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဟားမတ်စ်စစ်သွေးကြွ သုံးဦးနှင့် အခြားပါလက်စတိုင်းသေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီးတွင် ကုလသမဂ္ဂနှင့် အီဂျစ်တို့ ကြားဝင်စေ့စပ်မှုဖြင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ဟားမတ်စ်ပြောခွင့်ရသူ ဖော်ဇီဘာဟွမ်းက ပြောဆိုခဲ့သည်။ ဂါဇာကမ်းမြောက်မြောက်ပိုင်းနှင့် တောင်ပိုင်းမှ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ပြောဆိုသည်။ နောက်ထပ်သောကြာနေ့ ဆန္ဒပြမှုအဖြစ် ဇူလိုင် ၂၀ ရက်တွင် ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းများဆန္ဒပြခဲ့ပြီးနောက် တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အပတ်ကလည်း ဟားမတ်စ်ဘက်မှ အစ္စရေးနယ်ထဲ လက်နက်ကြီးအချက် ၂၀ဝ ကျော် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးသည် လက်တုံ့ပြန်၍ ၂၀၁၄ ဂါဇာစစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံးတိုက်ခိုက်မှု ဆင်နွှဲခဲ့သည်။ ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းတို့ဆန္ဒပြနေသည်မှာ သီတင်းပတ် ၁၇ ပတ် ရှိလာပြီဖြစ်ကာ အစ္စရေးနှင့်ပဋိပက္ခကြောင့် ယင်းကာလအတွင်း ပါလက်စတိုင်း ၁၃၀ ကျော် သေဆုံးခဲ့ကာ ၁၅၀ဝ၀ ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။
ဟားမတ်စ်တို့ အစ္စရေးကို မော်တာများ ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်နေလျှင် ၄င်းတို့မျှော်မှန်းသည်ထက် ပိုမို ပြင်းထန်သည့် လက်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အဗစ်ဒေါ လီဗာမန်က ပြောဆိုထားသည်။

















