လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် သူပုန်ဟောင်းတစ်ချို့ အမတ်အဖြစ် ကိုလံဘီယာလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့

လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် သူပုန်ဟောင်းတစ်ချို့ အမတ်အဖြစ် ကိုလံဘီယာလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့

ဘိုဂိုတာ ဇူလိုင် ၂၁
    ကိုလံဘီယာရှိ အင်အားအကြီးဆုံးသူပုန်အဖွဲ့ဝင်များအဖြစ်မှ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ပြီး လွှတ်တော်အမတ်ဖြစ်လာသူ ရှစ်ဦးသည် ဇူလိုင် ၂၀ ရက်တွင် ကိုလံဘီယာလွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

တောတောင်ထဲ၊ ရွှံ့ညွံံများထဲတွင်နေရာမှ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး တာဝန်ကြီးကြီးကိုထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း ကွယ်လွန်သူ ကိုလံဘီယာသူပုန်တပ်မှူးတစ်ဦး၏ဇနီး ဆန်ဒရာရာမီရက်ဇ်က ပြောဆိုခဲ့သည်။ ကိုလံဘီယာအစိုးရနှင့် ဖာ့သူပုန်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးသဘောတူညီမှုအရ သူပုန်အဖွဲ့ဝင်ဟောင်းများ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ သဘောတူညီမှုအရ သူပုန်ဟောင်းများသည် လွှတ်တော်တွင် အမတ်နေရာ ၁၀ နေရာရရှိမည်ဖြစ်သည်။ သူပုန်များအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ခုံရုံးတင်ခြင်းမပြုဘဲ အမတ်နေရာပေးခဲ့သည့်အတွက် ကိုလံဘီယာနိုင်ငံသားများစွာ မကျေမနပ်ဖြစ်ခဲ့ရသည်။
    ကိုလံဘီယာနိုင်ငံသားများအနေဖြင့် သူပုန်များကို ဥပဒေပြုအမတ်များအဖြစ် လက်ခံရန်လိုအပ်ပြီး သူပုန်များအား လက်ခံခြင်းသည် ဒီမိုကရေစီစနစ်၏ အင်အားကြီးမားသော လက်တွေ့သရုပ်တစ်ခုဖြစ်ကြောင်း မကြာမီတွင် သက်တမ်းကုန်ဆုံးမည့် သမ္မတဟွန်မယ်နူယယ်ဆန်တို့စ်က လွှတ်တော်တွင်း မိန့်ခွန်းပြောဆိုရင်း ထည့်သွင်းပြောဆိုခဲ့သည်။ ကွန်ဆာဗေးတစ် အိုင်ဗန်ဒူခ် သမ္မတရာထူးမထမ်းဆောင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ကျမ်းသစ္စာကျိန်ဆိုမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒူခ်က ငြိမ်းချမ်းရေးသဘောတူညီမှုပါ အချက်တချို့ကို ပြန်လည်သုံးသပ်ပြန်ဆင်မည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးစဉ်တွင်ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲပြီးနောက်တွင် လေသံအနည်းငယ်ပျော့သွားခဲ့သည်။ 
    ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(ဖာ့)၏ခေါင်းဆောင်ဟောင်းနှစ်ဦး ဇူလိုင် ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုခဲ့ချေ။ ဆျူဇစ်ဟာနန်ဒက်ဇ်သည် အမေရိကန်၏မူးယစ်ဆေးဆိုင်ရာစွဲချက်များကြောင့် ကိုလံဘီယာတွင် ချုပ်နှောင်ခံထားရပြီး အိုင်ဗန်မားကွက်ဇ်ကမူ ၎င်း၏လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် သူပုန်တပ်သားများအတွက် စခန်းတွင် ခိုအောင်းနေဆဲဖြစ်သည်။
    ကိုလံဘီယာ၌ ပြည်သူ့စစ်များ၊ စစ်သည်များနှင့် လက်ဝဲဝါဒီသူပုန်များကြားတိုက်ခိုက်မှုများကြောင့် လူ ၂၅၀ဝ၀ဝ ခန့်သေဆုံးခဲ့ပြီး ၆၀ဝ၀ဝ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကာ လူသန်းပေါင်းများစွာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။