အပြာမယ်ဟောင်းကို နှုတ်ပိတ်ခပေးရန် ထရမ့်နှင့် ဆွေးနွေးခဲ့မှုအသံဖမ်းထားဟု ဖွင့်ဟ

အပြာမယ်ဟောင်းကို နှုတ်ပိတ်ခပေးရန် ထရမ့်နှင့် ဆွေးနွေးခဲ့မှုအသံဖမ်းထားဟု ဖွင့်ဟ

နယူးယောက်    ဇူလိုင် ၂၁
    ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ဒေါ်နယ်ထရမ့်နှင့်ပတ်သက်ခဲ့သည့် အပြာမယ်ဟောင်းကို နှုတ်ပိတ်ခပေးရန် အလားအလာနှင့် ပတ်သက်၍ ထရမ့်နှင့် ပုဂ္ဂိုလ်ရေးရှေ့နေ မိုက်ကယ်ကိုဟင်တို့ဆွေးနွေးမှုကို အသံဖမ်းထားခဲ့သည့်တိပ်ခွေ ရှိကြောင်း ကိုဟင်၏ ရှေ့နေလန်နီဒေးဗစ်က ပြောဆိုခဲ့သည်။

ယင်းသတင်းထွက်ပေါ်လာပြီးနောက် မည်သည့်လှည့်ဖျားမှုကမှ အသံဖမ်းထားသည့် ဆွေးနွေးမှုများကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ ယင်းသည် ၄င်း၏အမှုသည် ကိုဟင်အတွက် ထိခိုက်စရာလည်းမဟုတ်ကြောင်း လန်နီဒေးဗစ်က ပြောဆိုခဲ့သည်။
    သမ္မတထရမ့်၏ လက်ရှိဥပဒေအကျိုးဆောင် ရူဒီဂူလီယာနီကမူ အပြာမယ် စထရွမ်မီ ဒယ်နီရယ်အတွက် နှုတ်ပိတ်ခ ပေးချေမှု မည်သည့်အခါကမျှ မရှိခဲ့ကြောင်း ပြောဆိုထားသည်။ ပေးခဲ့လျှင် ခိုင်လုံသည့် အထောက်အထားပြရန် ထရမ့်က တောင်းဆိုကြောင်းလည်း ဂူလီယာနီက ပြောသည်။
    ထရမ့်အတွက် ဒယ်နီရယ်ကို နှုတ်ပိတ်ခပေးချေခဲ့ကြောင်း ဖွင့်ဟခဲ့သည့် ကိုဟင်သည် ၂၀၁၈ ဧပြီမှစ၍ စီးပွားရေးမသမာမှုများဖြင့် အက်ဖ်ဘီအိုင်၏ စစ်ဆေးမှု ခံနေရသည်။    ကိုဟင်နှင့်နီးစပ်သူတစ်ဦးက ကိုဟင်သည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ထရမ့်နှင့်ဆွေးနွေးမှုကို အသံဖမ်းခဲ့သည့်တိပ်ခွေရှိပြီး ယင်းတိပ်ခွေသည် ယခုအခါ အက်ဖ်ဘီအိုင်လက်ထဲတွင် ရှိကြောင်း အေပီသို့ ပြောဆိုခဲ့သည်။
    ယင်းအပြာမယ်ကိစ္စသတင်းများ ထပ်မံထွက်ပေါ်ခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို သမ္မတကတော် မယ်လင်နီယာ ထရမ့်က ၄င်းသည် မိခင်တစ်ဦးအဖြစ်နှင့် ဖတ်စ်လေဒီအဖြစ်တို့ကိုသာ အာရုံစိုက်နေသည်ဟု ဖြေဆိုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။