ထရမ့်အစိုးရမူဝါဒကြောင့် မိဘနှင့် ခွဲခွာချုပ်နှောင်ခံရသည့် ၁၅ လသားကလေး မိဘနှင့် ပြန်ဆုံခွင့်ရ

ထရမ့်အစိုးရမူဝါဒကြောင့် မိဘနှင့် ခွဲခွာချုပ်နှောင်ခံရသည့် ၁၅ လသားကလေး မိဘနှင့် ပြန်ဆုံခွင့်ရ

ဆန်ပက်ဒရိုဆူလာ ဇူလိုင် ၂၁
မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တွင် ဖခင်ဖြစ်သူနှင့်ခွဲခွာခဲ့ရပြီး အမေရိကန်အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ငါးလကြာနေထိုင်ခဲ့ရသည့် ၁၅ လသားအရွယ် ကလေးငယ်နှင့် ဟွန်ဒူရပ်စ်နိုင်ငံသားမိဘနှစ်ဦးတို့ ဇူလိုင် ၂၀ ရက်တွင် ပြန်လည်ဆုံဆည်းခဲ့ရပြီဖြစ်သည်။

လွန်ခဲ့သော ငါးလတွင် တက္ကဆပ်နယ်စပ်နား၌ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး မိခင်နိုင်ငံပြန်ပို့ကာ ကလေးငယ်ကို စောင့်ရှောက်ရေးဂေဟာပို့ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်မှစ၍ မိဘနှစ်ပါးသည် သားငယ်၏လှုပ်ရှားပုံကို ဗီဒီယိုများမှတစ်ဆင့်သာ စောင့်ကြည့်ခွင့်ရခဲ့သည်။ အမေရိကန်တရားရုံးတွင် သေးခံလေးဝတ်ပြီး ရောက်ရှိခဲ့သည့် ဟိုဟန်သည် ဆန်ပက်ဒရိုဆူလာသို့ရောက်ရှိခဲ့ပြီးနောက် ကနဦးတွင် မိဘနှစ်ပါးကို မှတ်မိခြင်းမရှိခဲ့ချေ။
    ကျွန်မက ဟိုဟန်၊ ဟိုဟန်လို့ ထပ်ခါထပ်ခါခေါ်တော့မှ သူက စငိုတာ ဟု မိခင်ဖြစ်သူ အဒါလီရှာမွန်တီဆီနိုစ်ကပြောဆိုခဲ့သည်။ သားဖြစ်သူသည် အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းမိဘများနှင့် ကလေးငယ်များကို ခွဲကာ ချုပ်နှောင်ရန် စီစဉ်ခဲ့သည့် သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ တင်းကျပ်လွန်းသော လူဝင်မှုကြီးကြပ်ရေးမူဝါဒ၏ဆိုးရွားမှု၏ဥပမာတစ်ခုဖြစ်ခဲ့ကြောင်း အဒါလီရှာက ပြောဆိုခဲ့သည်။ 
    နယ်စပ်သို့ရောက်ရောက်ချင်းတွင် အမေရိကန်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဟိုဟန်၏ဖခင်ကိုဖမ်းဆီးပြီး ယင်းအချိန်က ၁၀လသား ဟိုဟန်ကို အာရီဇိုးနားပြည်နယ်ရှိ စောင့်ရှောက်ရေးဂေဟာတစ်ခုသို့ပို့ဆောင်ခဲ့သည်။ ငါးလအတွင်း ဟိုဟန်သည် စကားစပြောကာ ပထမဆုံးအကြိမ်လမ်းလျှောက်ခဲ့ပြီး ပထမဆုံးမွေးနေ့ပွဲကိုကျင်းပခဲ့သည်။ မိုင်ရာပေါင်းများစွာအကွာရှိ မိဘနှစ်ပါးသည် သားဖြစ်သူကို ဝေးဝေးကသာ လွမ်းဆွေးခဲ့ရသည်။
    မိခင်နှင့်ဖခင်ဖြစ်သူတို့က သားဖြစ်သူကိုနောက်ဆုံးတွေ့ခဲ့စဉ်က ဟိုဟန်တွင် သွားနှစ်ချောင်းသာပေါက်နေခဲ့ပြီး ယခုအချိန်တွင် သွားအကုန်ပေါက်နေပြီဖြစ်သည်။ ဇူလိုင်အစောပိုင်းတွင် ဟိုဟန်ကို လူဝင်မှုကြီးကြပ်ရေးတရားသူကြီးရှေ့မှောက်တွင် ရုံးတင်ခဲ့သည်။ သေးခံလေးဝတ်ထားပြီး ပုလင်းမှ နို့စို့နေသည့် အဖမ်းဆီးခံလေးနှင့်ပတ်သက်၍ တရားသူကြီးက မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်မသိဖြစ်နေပုံကို မီဒီယာများကဖော်ပြခဲ့ပြီးနောက် နိုင်ငံတကာ၏ဝေဖန်မှုများရှိခဲ့သည်။
    အဲဒီလောက်ရက်စက်ကြမ်းကြုတ်မယ်တောင်မထင်မိခဲ့ဘူးဟု အသက် ၃၇ နှစ်အရွယ် ဖခင် ရိုလန်ဒိုအန်ထော်နီယိုဗြူဆိုကက်စ်တီလိုကပြောဆိုခဲ့သည်။ မိခင်ဖြစ်သူက ကိုယ်ဝန်ရှိသောကြောင့် မလိုက်နိုင်သဖြင့် ဖခင်နှင့်သားဖြစ်သူတို့သည် မက္ကဆီကိုနိုင်ငံ တမ်ပီကိုမှ တက္ကဆပ်နယ်စပ်သို့ မိုင် ၅၀ဝ ခရီးကို ခက်ခဲကြမ်းတမ်းစွာထွက်ခွာခဲ့ခြင်းဖြစ်သည်။ အမေရိကန်တရားသူကြီး ဂျွန်ဒဗလျူရစ်ချတ်ဆင်က ဟိုဟန်အား ဟွန်ဒူရပ်စ်သို့ ပို့ဆောင်ရန် အမေရိကန်အစိုးရကိုညွှန်ကြားခဲ့ပြီးနောက် ကလေးငယ်သည် မိဘများနှင့် ပြန်လည်ဆုံဆည်းခဲ့ခြင်းဖြစ်သည်။