လျူဘက် ဇူလိုင် ၂၁
ဂျာမနီနိုင်ငံမြောက်ပိုင်း၌ ဇူလိုင် ၂၀ ရက်တွင် ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူကိုးဦးဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဥပဒေအရာရှိများက ပြောဆိုခဲ့သည်။
ခရီးသည်များစွာလိုက်ပါလာသည့် ဘတ်စ်ကားသည် လျူဘက်မြို့နားရှိ ခရီးသွားများစွာသွားရောက်လေ့ရှိသည့် ကမ်းခြေရှိရာ ထရာဖန်မြူဒေသသို့ ဦးတည်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း လျူဘက်ဥပဒေအရာရှိ အူလာဟင်စ်တ်က ပြောဆိုခဲ့သည်။
လူခြောက်ဦး ဓားဒဏ်ရာရရှိခဲ့ပြီး အခြားလူသုံးဦး အခြားထိခိုက်မှုများဖြင့် ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်သူသည် ယာဉ်မောင်းကိုလည်း ထိုးကြိတ်ခဲ့ကြောင်း ရှလေဗစ်ဂျ်-ဟိုလ်ရှတိုင်းပြည်နယ်၏ ဒေသဆိုင်ရာပြည်ထဲရေးဝန်ကြီး ဟန်ဇ်-ယောက်ချင်ဂရိုတဲက ဒီပီအေသတင်းဌာနသို့ပြောဆိုခဲ့သည်။
တိုက်ခိုက်ရသည့်အကြောင်းရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဥပဒေအရာရှိ ဟင်စ်တ်က ပြောဆိုခဲ့သည်။ ယာဉ်မောင်းသည် ဘတ်စ်ကားကို အမြန်ဆုံးရပ်တန့်ပြီး ခရီးသည်များကို ယာဉ်ပေါ်မှ ဆင်းစေခဲ့သောကြောင့် လူသေဆုံးမှုမရှိခဲ့ခြင်းဖြစ်ကြောင်း ဂရိုတဲကပြောဆိုခဲ့သည်။ အခင်းဖြစ်ပွားရာနေရာနားတွင် ရဲတပ်ဖွဲ့သုံးယာဉ်တစ်စီးရှိနေသောကြောင့် ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံးရောက်ရှိလာပြီး တိုက်ခိုက်သူကို အမြန်ဆုံးဖမ်းဆီးနိုင်ခဲ့ကြောင်း ဘေလ်သတင်းစာက ဖော်ပြခဲ့သည်။
တိုက်ခိုက်သူသည် အီရန်နွယ်ဖွား ဂျာမနီနိုင်ငံသား အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ဟင်စ်တ်ကပြောဆိုခဲ့သည်။ ဂျာမနီ၌ မကြာသေးမီနှစ်များအတွင်း အစ္စလာမ်အစွန်းရောက်တိုက်ခိုက်မှုများကြောင့် လုံခြုံရေးကို အဆင့်မြှင့်တင်ထားရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ဘာလင်ရှိ ခရစ္စမတ်ကာလဈေးတစ်ခုအတွင်းသို့ ထရပ်ကားဖြင့် ဝင်တိုးခဲ့မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ခြင်းအပါအဝင် အိုင်အက်စ်သစ္စာခံများ၏တိ်ုက်ခိုက်မှုများရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်တွင် ပါလက်စတိုင်းခိုလှုံသူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး နိုင်ငံမြောက်ပိုင်းရှိ ဟမ်းဘတ်( ဟမ်းဘု) ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း၌ ဓားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားလူခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

















