ဘရန်ဆန် ဇူလိုင် ၂၂
မစ်ဆိုရီရေကန်အတွင်း ဇူလိုင် ၁၉ ရက်က နစ်မြုပ်မှုကြောင့် ၁၇ ဦး သေဆုံးခဲ့ရသည့် ဝမ်းဘဲလှေခေါ် အပျော်စီး ကုန်းရေနှစ်ထွေသွားယာဉ်များတွင် ဒီဇိုင်းချွတ်ယွင်းမှုအရ ရေတွင်နစ်မြုပ်နိုင်သည့်အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်ဟု ပုဂ္ဂလိကစစ်ဆေးရေးမှူးတစ်ဦးက ပြောဆိုခဲ့သည်။
တက်စ်ဒရိုက်ဗ် နည်းပညာလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည့် စစ်ဆေးရေးမှူး စတီဗ်ပေါလ်က အင်ဂျင်နှင့် ရေလုံခန်း အနေအထားကြောင့် ရာသီဥတုဆိုးရွားပါက အန္တရာယ်များကြောင်း ၂၀၁၇ သြဂုတ်ကပင် ယာဉ်ပိုင်ရှင်ထံ အစီရင်ခံစာ တင်သွင်းခဲ့သည်ဟု ဆိုသည်။ အလားတူရေယာဉ်မျိုး နစ်မြုပ်မှုကြောင့် ၁၉၉၉ ခုနှစ်က အာကန်ဆောပြည်နယ်တွင် ၁၃ ဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။
ရာသီဥတုဆိုးရွားချိန်တွင် မစ်ဆိုရီရေကန်အတွင်း အပျော်စီးစက်လှေထွက်ခွာခဲ့ခြင်းနှင့်ပတ်သက်၍လည်း လုပ်ငန်းရှင်ဖြစ်သည့် ရစ်ပလေကုမ္ပဏီကို မေးခွန်းထုတ်ခဲ့ကြသည်။ မျက်မြင်သက်သေတစ်ဦး ရိုက်ယူခဲ့သည့် ဗွီဒီယိုမှတ်တမ်းအရ နစ်မြုပ်ခြင်းမပြုမီ စက်လှေမှ ပလပ်စတစ်ပြတင်းများလည်း ပိတ်လျက်ဖြစ်၍ နစ်မြုပ်ချိန်တွင် ခရီးသည်များပိတ်မိသေဆုံးရမှု များပြားခဲ့ဖွယ် ရှိသည်။ မိသားတစ်စုဆိုလျှင် ၁၁ ဦး လိုက်ပါခဲ့ရာမှ ၉ ဦး သေဆုံးခဲ့ရသည်။
ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းတက်စစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် ကုန်းရေနှစ်ထွေသုံးယာဉ်တစ်မျိုးကို အခြေပြု တည်ဆောက်ထားသည့် အပျော်စီးယာဉ်အစီး ၂၀ ပိုင်ဆိုင်ထားသည့် ရစ်ပလေကုမ္ပဏီက ယင်းတို့ကို ရေကြောင်းလုံခြုံမှု စည်းမျဉ်းများနှင့်အညီ အမေရိကန်ကမ်းခြေစောင့်တပ် ကြီးကြပ်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

















