လော့စ်အိန်ဂျယ်လိစ် ဇူလိုင် ၂၂
အမေရိကန်တွင် ရဲအလိုက်ခံရ၍ ထွက်ပြေးသည့် သေနတ်သမားတစ်ဦးသည် လော့စ်အိန်ဂျယ်လိစ်(အယ်လ်အေ)ရှိ စူပါမားကက်တစ်ခုအတွင်း ဝင်ရောက်၍ ဓားစာခံ ၄၀ ခန့်ကို ဖမ်းဆီးအကျပ်ကိုင်သည့်မှုခင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အခြားနှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် သေနတ်သမားသည် လက်နက်ချ အဖမ်းခံခဲ့ရသည်။
ဒဏ်ရာရသူတစ်ဦးမှာ သေနတ်သမား၏အဘွားဖြစ်ပြီး သေနတ်ဖြင့် ၇ ချက်တိုင်တိုင် ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်တွင် ကားဖြင့်ထွက်ပြေးသည့်သေနတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှ ထရိတ်ဒါဂျိုးစူပါမားကက်တွင် ကနဦးပစ်ခတ်မှုများအပြီး သုံးနာရီကြာ ရှေ့မတိုးနောက်မဆုတ် အရေးအခင်းဖြစ်ကာ လူအများ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
ယင်းနောက်တွင် သေနတ်သမားသည် လက်နက်ချရန် သဘောတူခဲ့ပြီး ၄င်းကိုယ်၄င်း လက်ထိပ်ခတ်ကာ ဓားစာခံလေးဦး ဝန်းရံလျက် ဆိုင်တွင်းမှ ထွက်လာကာ ရဲများထံ အဖမ်းခံခဲ့သည်။ ၄င်းသည် ၂၈ နှစ်ရွယ် အာဖရိကန် အမေရိကန်လူရွယ်တစ်ဦးဖြစ်ကြောင်း သိရသည်။
နေ့လည်ခင်းမှစ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုပ်သံဌာနများမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရသည့် ယင်းမှုခင်းသည် အခိုးခံရကြောင်း သတင်းပို့ထားသည့်ကားတစ်စီးကို ရဲကလိုက်လံဖမ်းဆီးရာမှ စတင်ခဲ့ပြီး ရဲကားသည်လည်း အပစ်ခတ်ခံခဲ့ရသေးသည်။ ညနေ ၆ နာရီခွဲတွင် သေနတ်သမားသည် လက်နက်ချ၍ စူပါမားကက်တွင်းမှ လမ်းလျှောက်ထွက်လာ၍ အဖမ်းခံခဲ့ခြင်းဖြင့် မှုခင်းပြီးဆုံးသွားခဲ့ပြီး လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများကို ရဲဘက်မှ ဆက်လက်ဆောင်ရွက်နေပြီဖြစ်သည်။

















