အစ္စလာမာဘတ် ဇူလိုင် ၂၂
ပါကစ္စတန်၌ လွှတ်တော်အမတ်ဟောင်းဖြစ်သလို လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင် မဲဆွယ်စည်းရုံးနေသူတစ်ဦးအား ဆေးဝါးအလွဲသုံးစားလုပ်မှုဖြင့် တရားရုံးတစ်ရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီဖြစ်သည်။
ရာဝယ်ပင်ဒီမြို့ရှိ တရားသူကြီး မိုဟမ္မဒ်အာခ်ရမ်ခန်းက ဇူလိုင် ၂၁ ရက် အနှောင်းပိုင်းတွင် စီရင်ချက်ချမှတ်ခဲ့ပြီးနောက် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-အင်န်၏ခေါင်းဆောင် ဟာနစ်အဘ္ဘာစီအား ချက်ချင်းဖမ်းဆီးခဲ့သည်။ အဘ္ဘာစီသည် အမတ်အဖြစ် သက်တမ်းနှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် အဘ္ဘာစီသည် ၎င်းပိုင်ဆိ်ုင်သော ဆေးဝါးကုမ္ပဏီ Gray အတွက် ဝယ်ယူရရှိသော အဖီဒရင်းဆေးဝါး ၅၀ဝ ကီလိုဂရမ်ကို အလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။
၂၀၁၂ ခုနှစ် ဇွန်တွင် မူးယစ်ဆေးဝါးအသုံးပြုမှုတိုက်ဖျက်ရေးအဖွဲ့( အေအင်န်အက်ဖ်)က အဘ္ဘာစီနှင့် ကြံရာပါများအပေါ် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အဘ္ဘာစီသည် ယင်းဆေးဝါးကို မူးယစ်ဆေးဝါးမှောင်ခိုသမားများအား ရောင်းချခဲ့ပြီး မှောင်ခိုသမားများကလည်း ပါတီပွဲကျင်းပရာတွင် စိတ်ကြွစေရန် အသုံးပြုသည့် ဆေးဝါးများအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ကြောင်း အေအင်န်အက်ဖ်ကပြောဆိုခဲ့သည်။
ဇူလိုင် ၂၁ ရက် အစောပိုင်းတွင်လည်း တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးသည် သားများနှင့် နိုင်ငံရေးပတ်သက်၍ အငြင်းပွားခဲ့ပြီးနောက် ကိ်ုယ့်ကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ကာ သတ်သေခဲ့သည်။ သေဆုံးသူ မိုဟမ္မဒ်အာမတ်မူဂယ်သည် နိုင်ငံအလယ်ပိ်ုင်းရှိ ဖိုင်ဆာလာဘတ်ကိုယ်စားပြုပြီး အမျိုးသားနှင့် ခရိုင်လွှတ်တော်ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်ထားသူဖြစ်ကြောင်း ရဲအရာရှိ အစ်ရှ်ဖက်ခန်းကပြောဆိုခဲ့သည်။

















