အီကွေဒေါ၌ နှင်းဆီပန်းများဖြင့် ပိရမစ်ပုံစံတူတည်ဆောက်

အီကွေဒေါ၌ နှင်းဆီပန်းများဖြင့် ပိရမစ်ပုံစံတူတည်ဆောက်

တာဘာကန်ဒို ဇူလိုင် ၂၂
အီကွေဒေါနိုင်ငံ တာဘာကန်ဒိုမြို့ငယ်လေး၌ နေထိုင်သူများသည် နှင်းဆီပန်းများဖြင့် ပိရမစ်ကြီးတစ်ခုကိုတည်ဆောက်ပြီး နှင်းဆီပန်းဖြင့် တည်ဆောက်သော ကမ္ဘာ့အကြီးဆုံးပိရမစ်ပုံစံတူများအနက် အကြီးဆုံးပုံစံတူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။

ပိရမစ်ကြီးအား နှင်းဆီပေါင်း ၅၄၆၃၆၄ ပွင့်တို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၁ ရက်တွင် ဂင်းနစ်ကမ္ဘာ့စံချိန်မှ ဒိုင်လူကြီးတစ်ဦးသည် တာဘာကန်ဒိုရှိ နှင်းဆီပန်းပိရမစ်ကြီး စံချိန်သစ်တင်နိုင်ခြင်းရှိမရှိကို တစ်ရက်ကြာ စစ်ဆေးခဲ့ရသည်။
    အနီရောင်တောက်တောက်ပိရမစ်ကြီးကို မြို့လယ်ရင်ပြင်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နှင်းဆီပန်းအများစုမှာ အနီရောင်များဖြစ်ကြသော်လည်း အဖြူရောင်အစပ်နှင့် နေတို့ကိုကိုယ်စားပြုရန် အဖြူရောင်၊ ပန်းရောင်၊နှင့် အဝါရောင်နှင်းဆီပန်းများကိုလည်း အသုံးပြုခဲ့သည်။ 
    နှင်းဆီပန်းများဖြင့် ပိရမစ်တည်ဆောက်ရန် တစ်ပတ်ခန့်အချိန်ယူခဲ့ရသည်။ လူ ၁၅၀ဝ ခန့်သည် တစ်ရက်လျှင် ၁၆ နာရီခန့်အချိန်ယူပြီး တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အလှဆုံးနှင်းဆီပန်းများ မည်သည့်အရပ်တွင်ရှိသည်ကို ပြသလိုက်ခြင်းသာဖြစ်ကြောင်း စီစဉ်သူတစ်ဦးဖြစ်သည့် ရိုဆာစီစ်နဲရိုကပြောဆိုခဲ့သည်။ အီကွေဒေါသို့ နိုင်ငံခြားခရီးသွားပိုမိုဝင်ရောက်လာရေးနှင့် အီကွေဒေါမှတင်ပို့သော ပန်းများကို ပိုမိုဝယ်ယူလာရေးတို့အတွက် ယခုကဲ့သို့ ကြိုးပမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။
    ယခုလောလောဆယ်တွင် ပန်းများဖြင့် ကမ္ဘာ့အကြီးဆုံးပုံစံတူအလှဆင်မှုစံချိန်ကို အာရပ်စော်ဘွားများနိုင်ငံရှိ ဒူဘိုင်းအံ့ဖွယ်ဥယျာဉ်က တင်ထားသည်။ ဥယျာဉ်သည် ၂၀၁၆ ခုနှစ်တွင် အဲဘတ်စ် အေ ၃၈၀ လေယာဉ်ပုံစံတူကို ပန်းများဖြင့် တည်ဆောက်ပြခဲ့သည်။