ဒါကာ ဇူလိုင် ၂၂
တရုတ်သမ္မတရှီကျင်းဖျင်သည် အာဖရိကလေးနိုင်ငံခရီးစဉ်အဖြစ် ဇူလိုင် ၂၁ ရက်တွင် ဆီနီဂေါနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဒုတိယလူဦးရေအများဆုံး အာဖရိကတိုက်ကို အမေရိကန်က ကုန်သွယ်ရေးအရ အာရုံစိုက်မှု နည်းနေသော်လည်း တရုတ်ကမူ ကုန်သွယ်ရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် မြှင့်တင်လျက်ရှိသည်။
တရုတ်သည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သလို၊ ပြီးခဲ့သည့်နှစ်က ဂျီဘူတီတွင် တရုတ်၏ ပထမဆုံးအာဖရိကစစ်အခြေစိုက်စခန်းလည်း ဖွင့်လှစ်ခဲ့သည်။ တရုတ်သည် အာဖရိကသို့ လက်နက်ရောင်းချမှုအများဆုံးနိုင်ငံအဖြစ်လည်း အမေရိကန်ကိုကျော်တက်ခဲ့ပြီဖြစ်ပြီး ယခုလအတွင်း အာဖရိကကာကွယ်ရေးတာဝန်ရှိသူများကို ဖိတ်ကြားကာ တရုတ်-အာဖရိကကာကွယ်ရေးဆွေးနွေးပွဲလည်း ကျင်းပခဲ့သည်။
သမ္မတရှီသည် ဆီနီဂေါသို့ ဦးစွာဝင်ရောက်ပြီးနောက် ရူအန်ဒါနိုင်ငံသို့ ဆက်လက်သွားရောက်ကာ တောင်အာဖရိကသို့ ခရီးဆက်ပြီး BRICS နိုင်ငံများထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ ထို့နောက် လေးနိုင်ငံမြောက်အဖြစ် အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံမော်ရေးရှပ်သို့ ဝင်ရောက်မည်ဖြစ်သည်။
သမ္မတရှီ၏ အာဖရိကခရီးစဉ်သည် တရုတ်ကဦးဆောင်အကောင်အထည်ဖော်နေသည့် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်” စီမံကိန်းကိုအားဖြည့်မှုလည်း ဖြစ်သည်။ စီမံကိန်းအရပေကျင်းနှင့် အာဖရိက၊ ဥရောပ၊ အာရှတို့ကိုကုန်းလမ်း၊ ရေလမ်းခါးပတ်လမ်းကြောင်းသွယ်တန်းကာလမ်းကြောင်းတစ်လျှောက် ဆိပ်ကမ်း၊ ရထားလမ်း၊ ဓာတ်အားပေးရုံ၊ စီးပွားရေးဇုန်များထူထောင်ပြီးအဆက်မပြတ် ကုန်စည်စီးဆင်းမည့် လမ်းကြောင်း ဖော်ဆောင်မည်ဖြစ်သည်။
လာမည့်စက်တင်ဘာတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး အာဖရိကခေါင်းဆောင် အများအပြားကို ဖိတ်ကြားသွားမည်ဖြစ်သည်။

















