နယူးဒေလီ ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံရှိ အမျိုးသမီးအရေးလှုပ်ရှားသူများ၏ လပေါင်းများစွာကြိုးပမ်းမှုကြောင့် အိန္ဒိယအစိုးရသည် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် အမျိုးသမီးပုဂ္ဂလိသန့်ရှင်းရေးပစ္စည်းများအပေါ် အခွန် ၁၂ ရာခိုင်နှုန်းကောက်ခံသည့် အစီအစဉ်ကို ရုပ်သိမ်းခဲ့သည်။
အစိုးရက အမျိုးသမီးလစဉ်သုံးပစ္စည်းများအပေါ် အခွန်ကောက်ခံပြီး တစ်နှစ်အကြာတွင် ယင်းကောက်ခံမှုကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ အိန္ဒိယရှိ အမျိုးသမီးနှင့် မိန်းကလေး ငါးဦးလျှင် လေးဦးသည် လစဉ်သုံးပစ္စည်းများကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများအသုံးပြုခွင့်မရသောကြောင့် အခွန်ကြောင့် အမျိုးသမီးများ၏အခြေအနေပိုမိုဆိုးရွားသွားနိုင်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများကပြောဆိုခဲ့သည်။
အစိုးရ၏ယခုထုတ်ပြန်ချက်ကို အမျိုးသမီးအရေးလှုပ်ရှားသူများက ကြိုဆိုခဲ့ကြသည်။ မိန်းကလေးများ ကျောင်းကိုပုံမှန်တက်နိုင်ပြီး အမျိုးသမီးများ အလုပ်ပုံမှန်လုပ်နိုင်ရေးအတွက် အခွန်ကောက်ခံမှုကို ရုပ်သိမ်းရန်လိုအပ်ကြောင်း အမျိုးသမီးလစဉ်ကျန်းမာရေးဆိုင်ရာပရဟိတအဖွဲ့ဖြစ်သည့် ဆာချ်ဟီဆာဟဲလီကိုတည်ထောင်သူ ဆူဗီဆင်းကပြောဆိုခဲ့သည်။
အိန္ဒိယတွင် မိန်းကလေးများ စာသင်ကျောင်းမှထွက်ရသည့် အဓိကအကြောင်းအရင်းများတွင် လစဉ်သွေးဆင်းရခြင်းလည်းပါဝင်ပြီး မိန်းကလေးအများစုသည် လစဉ်သုံးပစ္စည်းများကိုမသုံးနိုင်သောကြောင့် နေအိမ်များတွင် မနေချင်ဘဲနေခဲ့ရသည်။
အမျိုးသမီးတချို့သည် အဝတ်စများ၊ အဝတ်စုတ်များကို အသုံးပြုသောကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ခံရမှုများရှိခဲ့သည်။ အစိုးရသည် လစဉ်သုံးပစ္စည်းများကဲ့သို့ အမျိုးသမီးတစ်ကိုယ်ရေကျန်းမာရေးပစ္စည်းများကို ဇိမ်ခံပစ္စည်းများအဖြစ်သတ်မှတ်ပြီး အခွန် ၁၂ ရာခိုင်နှုန်းကောက်ခံခဲ့ပြီးနောက် ယင်းကို ရုပ်သိမ်းပေးရန် တရားရုံးများမှတစ်ဆင့် လျှောက်ထားမှုများရှိခဲ့သည်။ ထို့ပြင် အခွန်ကောက်ခံမှုကို ရုပ်သိမ်းပေးရန်အဆိုကိုထောက်ခံသည့် လက်မှတ် ၄၀ဝ၀ဝ၀ ကျော်ကိုစုဆောင်းပြီး အာဏာပိုင်များထံသို့ တင်ပြမှုလည်းရှိခဲ့သည်။
အစိုးရ၏အခွန်ကို ဟင်ဒီဘာသာဖြင့် လာဟူကာလာဂါအန်းသို့မဟုတ် သွေးခွန်ဟုလည်း ခေါ်ဆိုခဲ့ကြသည်။ လစဉ်သုံးပစ္စည်းများ အခွန်ကောက်ခံမှုမှ ၁၀ဝ ရာခိုင်နှုန်းကင်းလွတ်ခွင့်ရရှိသောကြောင့် မိခင်များနှင့် ညီအစ်မများဝမ်းမြောက်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ယာယီဘဏ္ဍာရေးဝန်ကြီး ပီယူရှ်ဂိုယယ်ကပြောဆိုခဲ့သည်။
အိန္ဒိယရှိအခြေခံလူတန်းစားဝင် မိန်းကလေး ၁၀ ဦးလျှင် တစ်ဦးသည် တစ်ကိုယ်ရေကျန်းမာရေးပစ္စည်းများကို အသုံးပြုနိုင်ခြင်းမရှိကြောင်း Plan International UK ပရဟိတအဖွဲ့ကပြောဆိုခဲ့သည်။ ဗြိတိန်၌လည်း လစဉ်သုံးပစ္စည်းများအပေါ် အခွန် ၅ ရာခိ်ုင်နှုန်းကောက်ခံနေဆဲဖြစ်သည်။

















