ကုန်သွယ်ရေးစစ်ပွဲသည် ရှောင်လွှဲမရသောအမှန်တရားဖြစ်လာနေပြီဟု ဂျီ ၂၀ ဝန်ကြီးများစည်းဝေးပွဲ၌ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးသတိပေး

ကုန်သွယ်ရေးစစ်ပွဲသည် ရှောင်လွှဲမရသောအမှန်တရားဖြစ်လာနေပြီဟု ဂျီ ၂၀ ဝန်ကြီးများစည်းဝေးပွဲ၌ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးသတိပေး

ဗျူနိုအေးရီး    ဇူလိုင်  ၂၂
    အာဂျင်တီးနားနိုင်ငံတွင် စက်မှုအင်အားကြီး နိုင်ငံ ၂၀ ဝန်ကြီးများအစည်းအဝေး၌ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလီမာရီကကုန်သွယ်ရေးစစ်ပွဲသည် ရှောင်လွှဲမရသောအမှန်တရားဖြစ်လာနေပြီဟုသတိပေးပြောကြားလိုက်ကြောင်းသိရသည်။ 

လက်ရှိတွင် အမေရိကန်ကတစ်ဖက်သတ် အခွန်တိုးကောက်သည့်စနစ်သည် အားကြီးသူအနိုင်ယူသည့် တောအုပ်ဥပဒေမျိုးကျင့်သုံးရာရောက်နေကြောင်းဖြင့် ၎င်းက ထောက်ပြပြောကြားသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစတီဗင် မနူချင်ကမူအခွန်တိုးကောက်ခြင်းသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ ပွင့်လင်းသောဈေးကွက်ယှဉ်ပြိုင်မှု မူဝါဒကိုကျင့်သုံးလာအောင် တွန်းအားပေးသည့်သဘောသာဖြစ်ကြောင်းခုခံပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂကိုကုန်သွယ်ရေးကဏ္ဍတွင် ရန်သူဟုစွပ်စွဲပြောကြားခဲ့သည်။ တရုတ်နှင့် ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် သမ္မတထရမ့်က တရုတ်ကုန်စည် နောက်ထပ် ဒေါ်လာ ၅၀ဝ ဘီလျံဖိုးအပေါ် အခွန်တိုးကောက်ရန် စီစဉ်နေကြောင်းလည်း ခြိမ်းခြောက်ထားသည်။ အမေရိကန်သည် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသောဥရောပသမဂ္ဂအပြင် တရုတ်နှင့် ကုန်သွယ်ရေးတွင်လည်းလိုငွေပြနေခဲ့သည်။ 
    ဗျူနိုအေးရီးမြို့တွင် နှစ်ရက်ကြာကျင်းပသည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ ဝန်ကြီးများအစည်းအဝေးသို့သက်ဆိုင်ရာ နိုင်ငံ ၂၀ မှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဘဏ်လုပ်ငန်းအကြီးအကဲများတက်ရောက်ခဲ့ကြသည်။  
    “ကမ္ဘာ့ကုန်သွယ်ရေးဆိုတာတောအုပ်ဥပဒေကျင့်သုံးရမယ့်နေရာမဟုတ်ဘူး။ တစ်ဖက်သတ်  အခွန်တိုးကောက်တာဟာတောအုပ်ဥပဒေကျင့်သုံးတာပဲ” ဟုမစ္စတာလီမာရီကပြောသည်။ 
    အမေရိကန်နှင့် တရုတ်တို့သည် လက်ရှိအချိန်ထိတစ်ဖက်နှင့်တစ်ဖက် ဒေါ်လာ၃၄  ဘီလျံဖိုးကုန်စည်များအပေါ် အခွန်တိုးကောက်လျက်ရှိကြသည်။