ဘရစ်ဂျ်ဝါးတား ဇူလိုင် ၂၂
ပုဂ္ဂိုလ်ရေးရှေ့နေဟောင်းက ၄င်း၏တိုင်ပင်ဆွေးနွေးမှုများကို အသံဖမ်းထားခဲ့သည်ဆိုခြင်းသည် စိတ်ကူးကြည့်၍ပင် မရသည့် မကြုံစဖူး တရားမဝင်လုပ်ရပ် ဖြစ်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန်လိုက်သည်။
ထရမ့်နှင့်ပတ်သက်ခဲ့သည်ဆိုသော ပလေးဘွိုင်မော်ဒယ်ဟောင်းကို နှုတ်ပိတ်ခပေးရန် ထရမ့်၏တိုင်ပင်မှုကို ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ၄င်း၏ပုဂ္ဂိုလ်ရေးရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က လျှို့ဝှက်အသံဖမ်းထားခဲ့သည် ဆိုခြင်းကို ထရမ့်က ဇူလိုင် ၂၁ ရက်၌ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအသံဖမ်းတိပ်ခွေရှိနေကြောင်း ကိုဟင်၏ ကိုယ်စားလှယ် လန်နီဒေးဗစ်က ပြောဆိုခြဲ့ခင်းဖြစ်သည်
ယင်းအသံဖမ်းတိပ်ခွေသည် ယခုနှစ် ဧပြီက စီးပွားရေးမသမာမှုစွဲချက်များဖြင့် မိုက်ကယ်ကိုဟင်၏ရုံးကို အက်ဖ်ဘီအိုင်က ဝင်ရောက် စီးနင်းခဲ့စဉ် သိမ်းဆည်းခဲ့သည့်အထောက်အထားများထဲတွင် ပါဝင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းသို့ အမှုသည်၏ဆွေးနွေးမှုကို ရှေ့နေက အသံဖမ်းထားခြင်းသည် တရားမဝင်လုပ်ရပ် ဖြစ်နိ်ုင်ကြောင်း၊ မည်သို့ဆိုစေ မိမိအမှားလုပ်မထားသည့်အတွက် မိမိပရိသတ်များ ပူရန်မရှိကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
ထရမ့်၏လက်ရှိရှေ့နေများက စထရွမ်မီ ဒဲနီယယ်အမည်ရှိ အပြာမယ်နှင့် ပလေးဘွိုင်မော်ဒယ်ဟောင်းအတွက် ထရမ့်က မည်သည့်ငွေကြေးပေးချေခဲ့မှု မရှိကြောင်း ငြင်းဆိုထားသည်။ ထရမ့်အတွက် ပုဂ္ဂိုလ်ရေးရှေ့နေအဖြစ် ဆယ်နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့သူ ကိုဟင်ကမူ ထရမ့်ကိုယ်စား နှုတ်ပိတ်ခ စိုက်ပေးခဲ့ရကြောင်း ပြောဆိုဖူးသည်။ ယင်းသို့ပြောဆိုခဲ့သည့်အတွက် ကိုဟင်ကို ပစ်မှတ်ထား၍ ရာဇဝတ်မကင်းသည့် စီးပွားရေးမသမာမှုများဆောင်ရွက်မှု သံသယဖြင့် စုံစမ်းစစ်ဆေးစေခဲ့ကြောင်းလည်း ထရမ့် အဝေဖန်ခံနေရသည်။
ကိုဟင်သည် ၄င်းကိုယ်စားခုခံကာကွယ်ရန် သမ္မတကလင်တန်လက်ထက် အိမ်ဖြူတော်အထူးအကြံပေးဖြစ်ခဲ့သူ ရှေ့နေ လန်နီဒေးဗစ်ကို ငှားရမ်းထားပြီး လန်နီဒေးဗစ်က ကိုဟင်၏ အသံဖမ်းတိပ်ခွေသည် ကိုဟင်အတွက် ထိခိုက်စရာမရှိဟု ပြောဆိုခဲ့သည်။

















