အငှားယာဉ်မောင်းကို ဓားထောက်ပြီး ယာဉ်လုယူသူ ၂ ဦးကို ဖမ်းဆီး

အငှားယာဉ်မောင်းကို ဓားထောက်ပြီး ယာဉ်လုယူသူ ၂ ဦးကို ဖမ်းဆီး

အငှားယာဉ်မောင်းကိုဓားထောက်ကာ ယာဉ်ကိုလုယူခဲ့သူ ၂ ဦးကို မြောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဇူလိုင်၂၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် သာကေတမြို့နယ်နေ ဦးအောင်ကိုကိုဦးသည် ၎င်း မောင်းနှင်သည့် ဖီဒါအဖြူရောင်အငှားယာဉ်ဖြင့် လှည်းတန်းသုခမှတ်တိုင်ဘက်မှ အင်းစိန်မြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဘာတာမှတ်တိုင်အနီးအရောက် အသက်(၂၀)နှစ်ခန့်ရှိ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသူ လူငယ်နှစ်ဦးက အင်းစိန် အောင်ဆန်းဈေးသို့ ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ 
ထိုသို့ပို့ဆောင်စဉ် အောက်မင်္ဂလာဒုံလမ်းမကြီး အောင်ဆန်းဈေးမရောက်မီ ယာဉ်၏ နောက်ခန်းတွင် လိုက်ပါလာသူလူငယ်က ၎င်းကိုနောက်မှသိုင်းဖက်၍ ဓားဖြင့်ထောက်ကာ ရှေ့ခန်းထိုင်နေသူက နံကြားကိုဓားဖြင့်ထောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ယာဉ်ပေါ်မှဆင်းခိုင်းသဖြင့်ဆင်းပေးခဲ့ရပြီး ယာဉ်ကို တညင်းကုန်းလမ်းဆုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ အင်းစိန်မြို့မရဲစခန်းက(ပ)၁၃၈၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ကာ မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ဇူလိုင်၂၂ ရက်နေ့နံနက် ၂ နာရီအချိန်တွင် ယာဉ်ကို ရွှေပြည်သာမြို့နယ် (၅/၅)ရပ်ကွက်၊ သရဖီလမ်းပေါ်မှပြန်လည်တွေ့ရှိသိမ်းဆည်းခဲ့သည်။ ယာဉ်ကိုတွေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီအချိန်တွင် လုယက်မှု ကျူးလွန်သူ ရွှေပြည် သာမြို့နယ်နေ အောင်ကိုနိုင်၊ (၂၈)နှစ်နှင့် အင်းစိန်မြို့နယ်နေ အောင်မိုး၊ (၂၉)နှစ်တို့နှစ်ဦးကို ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရွှေသဇင် လမ်းမပေါ်မှ ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့် ဆက်လက် စစ်ဆေးလျက်ရှိသည်။